စစ်တွေ ၄ သြဂုတ်
ရခိုင်ပြည်နယ်အတွင်း မိုးရာသီရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်နှင့် နွေရာသီရေရှားပါမှု ကို ဖြည့်ဆည်းဆောက်ရွက်နိုင်ရန် လျှိုပိတ်ဆည်များတည်ဆောက်လျက်ရှိရာ ပုဏ္ဏားကျွန်းမြို့ နယ် ယိုးတရုပ်ကျေးရွာအနီးရှိ ယိုးတရုပ်လျှိုပိတ်ဆည်ကို ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
'' ပြည်နယ်အတွင်းမှာ မိုးရာသီရေကြီးရေလျှံမှု ကာကွယ်ရေးနဲ့ နွေရာသီသောက်သုံးရေရရှိရေးအတွက် လျှိုပိတ်ဆည်တွေ တည်ဆောက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေငံတားတာနဲ့ ရေတံခါးတည်ဆောက်ခြင်း၊ ရေချိုချောင်းပိတ်လုပ်ငန်းတွေ ဆောက်ရွက်တဲ့အပြင် တာတမံတွေ ကြံ့ခိုင်ရေးအတွက် ထိန်သိမ်းပြုပြင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်''ဟု ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။
ယိုးတရုပ်လျှိုပိတ်ဆည်သည် ယိုးတရုပ်ကျေးရွာအနောက်ဘက် (၁ ဒသမ ၅) မိုင်ခန့် အကွာတွင် တည်ရှိပြီး မြေသားရေလှောင်တမံတစ်ခုဖြစ်သည်။ ပျမ်းမျှစီးဝင်ရေ ဂါလန် (၁၁၆) သန်းရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏမှာ ဂါလန် (၆၉ ဒသမ ၁၀) သန်းနှင့် အသုံးပြုနိုင်သော ရေလှောင်ပမာဏမှာ (၆၄ ဒသမ ၆၈) ဂါလန် သန်းရှိကြောင်းသိရသည်။
ယိုးတရုပ်လျှိုပိတ်ဆည် တည်ဆောက်ပေးခြင်းဖြင့် အိမ်ထောင်စု (၁၂၅၃)စု၊ လူဦးရေ (၅၈၇၈) ဦးခန့်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင် ခြင်း၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ သောက်သုံးရေ ရရှိခြင်းနှင့် မိုးရာသီ ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ် ကြောင်း ဦးကျော်နိုင်ဦးက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်သည် တစ်နှစ်လျှင် မိုးရေချိန်လက်မ(၂၀ဝ) ခန့် ရွာသွန်းသော်လည်း ရာသီ ဥတုပြောင်းလဲမှုကြောင့် နွေရာသီရောက်တိုင်း မြို့နယ်များတွင် ရေတွင်းရေကန်များ ခမ်းခြောက် ပြီး ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ခံစားနေရသည့်အပြင် မိုးရာသီတွင် အချို့နေရာများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ၎င်းအခက်အခဲများကို အတတ်နိုင်ဆုံး ကာကွယ်ဖြည့်ဆည်း နိုင်ရန် လျှိုပိတ်ဆည်များ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဌာန အနေဖြင့် ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊မိုးရာသီရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး၊ နွေရာသီ သောက်သုံးရေရရှိရေးအတွက် လျှိပိတ်ဆည်ပေါင်း (၁၁) ခု တည်ဆောက်ပေးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာအနီး ယိုးတရုပ်လျှိုပိတ်ဆည်သည်တစ်ခုအပါအဝင်ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ- ဟန်မင်း


