နေပြည်တော် ၄ သြဂုတ်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် သြဂုတ် ၂ ရက်တွင် မန္တလေးမြို့ မန္တလေးကွန်ဗင်းရှင်းစင်တာ (Mandalay Convention Centre - MCC)၌ ကျင်းပမည့် ASEAN Food Festival 2019 အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ရိုးရာ အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်ပြီး နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရေးနှင့် အာဆီယံနိုင်ငံများမှ ပြခန်းများ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ပုဂံမြို့ဟောင်းရှိ Bagan Information and Training Center တွင် ဖွင့်လှစ်လျက်ရှိသော Foundation Course for Japanese Language N5 Level ဂျပန်ဘာသာစကားသင်တန်းကို ကြည့်ရှုအားပေးသည်။
အဆိုပါ ဂျပန်ဘာသာစကားသင်တန်းကို ဇူလိုင် ၂၂ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ရက်သတ္တပတ် (၁၂)ပတ်ကြာ ဖွင့်လှစ်လျက်ရှိပြီး ပုဂံဒေသအတွင်းရှိ ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးနှင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့မှ သင်တန်းသား ၄၁ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။
ညပိုင်းတွင် ပုဂံမြို့ရှိ သရပါဟိုတယ်၌ ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Digital Marketing ဆိုင်ရာ ရှင်းလင်းပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပုဂံဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသာမက မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ဌာနတစ်ခုတည်းသာမက ဖွဲ့စည်းထားရှိသော ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၌ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိပြီး ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်သော လုပ်ငန်းများကို Decentralization ပြုလုပ်ပေးထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသော နည်းပညာရပ်များကို အသုံးပြုပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန် Digital Marketing ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အသင်းအဖွဲ့များ အနေဖြင့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးစားရာတွင် ရေရှည်တည်တံ့ပြီး စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရီးစဉ်ဒေသများတွင် နိုင်ငံခြားသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာသန့်ရှင်းမှု စသည်တို့ကို စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အားကစားနှင့်ဆက်စပ်သော ခရီးသွားလုပ်ငန်း (Sport Tourism) ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝန်ကြီးဌာန (၂)ခုနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် Digital Marketing Team တာဝန်ခံက ဝန်ကြီးဌာနတွင် လက်ရှိ ဆောင်ရွက်နေသော Digital Marketing ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
(သတင်းစဉ်)


