နေပြည်တော် ၄ သြဂုတ်
မြန်မာ့သစ်လုပ်ငန်းမှ အရေးပေါ်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(EERU)သည် သြဂုတ် ၃ ရက်က အမြန်လမ်းမကြီး(၁၆/၃)မိုင်အနီး အကျဉ်းဦးစီးဌာန၏ သီဟိုခြံအတွင်း တွေ့ရှိခဲ့သည့် စားကျက်လွန်တောဆင်ရိုင်းနှစ်ကောင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်း ဆီးပြီး မြောက်ဇာမဏီ တိရစ္ဆာန်ဘေးမဲ့တောသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အရေးပေါ်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန့်မှန်းအသက်(၆)နှစ်နှင့် (၇)နှစ်ခန့်ရှိ တောဆင်ရိုင်း အမနှစ်ကောင်ကို သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ် ဖြင့် မြောက်ဇာမဏီတိရစ္ဆာန်ဘေးမဲ့တောအတွင်း ပို့ဆောင်ခဲ့ကာ တောဆင်ရိုင်းနှစ်ကောင် ၏ အခြေအနေကို နယ်မြေခံသစ်တောဝန်ထမ်းများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
တောဆင်ရိုင်းများ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးပေါ်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(EERU) ကို သစ်ထုတ်ရေးဌာနမှဝန်ထမ်းများ၊ ဆင်ဆေးကုများ၊ ဆင် ဝန်ထမ်းများနှင့် ကျွမ်းကျင်ကွန်ဂျီဆင်များဖြင့်ဖွဲ့စည်းထားပြီး ဆင်နှင့်လူ ပဋိပက္ခမဖြစ်စေ ရေး ပညာပေးဆောင်ရွက်ခြင်း၊ တောဆင်များ ဆင်မုဆိုးအန္တရာယ်မှ သတ်ဖြတ်ခံရမှုမရှိစေ ရန် လှည့်လည်ကြည့်ရှုစောင့်ရှောက်ခြင်း၊ တောဆင်များ စားကျက်မလွန်အောင် ထိန်းသိမ်းခြင်းနှင့် စားကျက်လွန် တောဆင်များ မူလစားကျက်သို့ ပြန်လည်ပို့ဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံးအနေဖြင့် အရေးပေါ်ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(EERU) (၁၁)ဖွဲ့ ဖွဲ့စည်းထားပြီး ပြည်သူလူထုနှင့် တောဆင်များ ဘေးအန္တရာယ်ကင်းဝေးစေရန် သက်ဆိ်ုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။
မျိုးသူဟိန်း


