နေပြည်တော် ၄ သြဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ် လုပ်ငန်းရုံးချုပ် တော်ဝင်ခန်းမ၌ ကျင်းပသည့် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉-၂၀၂၀ ခုနှစ် သစ်ထုတ်ရာသီတွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်တောဉီးစီးဌာနမှ သတ်မှတ်ပေးထားသော ကျွန်းနှင့်သစ်မာ နှစ်စဉ်တောထွက် ပမာဏ၏ ၅၀ရာခိုင်နှုန်းလျှော့ချပြီး သစ်ထုတ်မှုနှင့်ကုန်ကျစရိတ် ကိုက်ညီစေ ရန်သာ သစ်ထုတ်သွားမည်ဖြစ်ကြောင်း၊ သဘာဝတောများမှသစ်ထုတ်မှုကို တတ်နိုင်သမျှ လျော့ချဆောင်ရွက်မည်ဖြစ်ပြီး စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးများရှိ နှစ်(၃၀)နှင့် အထက် သက်ကြီးသစ်တောစိုက်ခင်းများမှ သစ်များကို သစ်တောဉီးစီးဌာန၏ ပင်ထောင်ရိုက် ခွင့်ပြုထား သည့်အတိုင်း ခုတ်လှဲသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာနှင့် တစ်အုပ်တစ်မစိုက်ခင်းများမှ ကျွန်းနှင့်သစ်မာပင်ကြပ်များကို အမြန်ဆုံးပြီးစီးအောင် ခုတ်လှဲဆောင်ရွက်ရန်နှင့် ခုတ်လှဲ ထွက်ရှိလာသည့် ကျွန်းနှင့်သစ်မာ ပင်ကြပ်မျော/တိုင်/သစ်လုံးများအား အမြန်ဆုံးရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ သစ်ထုတ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် တောတွင်းပင် ထောင်ကျန်များ ထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက်ရန်၊ သစ်ထုတ်လမ်းများမှတစ်ဆင့် တရား မဝင်သစ်ခိုး ထုတ်ခြင်းမရှိအောင် သစ်ထုတ်လမ်းဟောင်းများအား လုပ်ငန်းဆောင်ရွက်ပြီးပါက စနစ်တကျဖျက်သိမ်းရန်နှင့် သစ်ထုတ်ပြီးဒေသများအတွင်း ခုတ်လှဲသည့် အပင်၏(၃)ဆကို သဘာဝတော တန်ဖိုးမြှင့်သစ်တောစိုက်ခင်းအဖြစ် ပြန်လည်စိုက်ပျိုးရန် လိုအပ်ကြောင်း။
နိုင်ငံတော်၏မူဝါဒအရ သစ်ထုတ်ခြင်းများလျော့ချခဲ့ရာ သစ်ထုတ်ရေးဆင်များနှင့် ဆင် ဝန်ထမ်းမိသားစုများ ရေရှည်အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ပြည်သူလူထုအား အသိ ပညာပေး အပန်းဖြေနိုင်ရန်အတွက် ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွား လုပ်ငန်းစခန်း များအား တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရန်၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် လိုအပ်သော ကုသခြင်း၊ ကာကွယ်ခြင်း၊ သုတေသနပြုလုပ်မှုများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့်ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ဆင်စားကျက်များနှင့် နေရင်း ဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သစ်ထုတ်ရေးတာဝန်ခံများက ၂၀၁၈-၂၀၁၉ ခုနှစ် သစ်ထုတ်လုပ်နိုင်မှု၊ သစ်ဆိပ်သို့ ရောက်ရှိ/သိုလှောင်/ရောင်းချနိုင်မှုနှင့် သစ်ဆိပ်လက် ကျန်ပမာဏ၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ခင်း စိုက်ပျိုးနိုင်မှု၊ ထုတ်လုပ်ရေးအတွက် ယာဉ်/ယန္တရားနှင့် စက်သုံးဆီသုံးစွဲမှုများ၊ ၂၀၁၉-၂၀၂၀ခုနှစ် သစ်ထုတ်ရာသီတွင် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ သစ်တောဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နှစ်စဉ် တောထွက်ပမာဏ သတ်မှတ်ခြင်းနှင့် သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းများနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်မှဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာစက်မှုဇုန်(၂)၊ မက္ခရာမင်းသား ကြီးမောင်ပျိုးလမ်းရှိ Yangon Gems and Jewellery Sales Center ၌ ကျောက်စိမ်းနှင့် ကျောက်မျက်အချောထည် ထုတ်လုပ်ရောင်းချနေမှု၊ ဈေးကွက်ရရှိမှုနှင့် အလုပ်အကိုင်ဖန်တီးပေး နိုင်မှုများနှင့်စပ်လျဉ်း၍ သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


