ဌာနဆိုင်ရာအဖွဲ့အစည်းများ ပြည်သူနှင့်ဆက်ဆံသည့်အခါ ကောင်းကောင်းမွန်မွန်ဆက်ဆံရန်၊ ချိုချိုသာသာပြောဆိုရန်၊ ပြည်သူကို ပြည်သူလိုဆက်ဆံကြရန်၊ မိမိတို့၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံသည့်အခါတိုင်းတွင် လမ်းညွှန်မှာကြားသည်ကို သတိပြုမိသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ပေးနေကြသည့် အင်အားစု များဖြစ်ကြပြီး ပြည်သူများအတွက်လည်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြရသူများ ဖြစ်ကြသည်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဟူသော ဆောင်ပုဒ်သည် ဝန်ထမ်းများနှင့် နိုင်ငံ၏ အရေးကြီးလှသည့် ဆက်စပ်မှုကို ညွှန်းဆိုနေခြင်းပင်ဖြစ်ပြီး ဝန်ထမ်းသည် အစိုးရနှင့် ပြည်သူတို့အကြားတွင် အရေးပါသည့်နေရာ၌ ရှိနေသူများဖြစ်သည့်အလျောက်ဝန်ထမ်းများ တာဝန်မကျေပွန်ခြင်း၊ ဝန်ထမ်းများ၏ အရည်အသွေးညံ့ဖျင်းခြင်း၊ ပြည်သူအပေါ် ဆက်ဆံပုံဆိုးရွားခြင်းတို့က အစိုးရအပေါ်ပြည်သူလူထုက အကဲဖြတ်ရာတွင် အနုတ်လက္ခဏာသဘောကို ဆောင်စေသည်။

 

နိုင်ငံကိုပြုပြင်ပြောင်းလဲရာတွင် ဝန်ထမ်းအဖွဲ့အစည်းများအတွင်း ယခင်ကတည်းက စွဲမြဲတည်ရှိနေသည့် အမူအကျင့်ဆိုးများက ပြည်သူလူထု၏အပြောင်းအလဲအတွက် မျှော်လင့်ချက်များကို မှေးမှိန်သွားစေပြီး“ဒီမိုး၊ ဒီလေ၊ ဒီလူတွေ” အဖြစ်သာ ရှုမြင်သွားစေသည်။ ဌာနဆိုင်ရာဝန်ထမ်းဆိုးတချို့၏ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှု၊ပြည်သူများအတွက် ဆောင်ရွက်ပေးရသည့် ကိစ္စများတွင် နည်းအမျိုးမျိုးဖြင့် အချိန်ဆွဲ၊ လက်လွှဲကာ ပညာပြနေမှု၊ အဂတိတရားလိုက်စားမှုတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများတွင်လည်း မကြာခဏတွေ့ မြင်သိရှိနေကြရသကဲ့သို့ လာဘ်ပေးလာဘ်ယူမှုများကြောင့် အရေးယူခံကြရသည်များကိုလည်း သတင်းများတွင် မကြာခဏဆိုသလိုပင် ထင်ရှားစွာတွေ့ရှိကြရသည်။

 

ဝန်ထမ်းကောင်းတစ်ဦး၏ ဂုဏ်သိက္ခာသည် ၎င်းထမ်းဆောင်ရသည့်အလုပ်အပေါ် တာဝန်ကျေပွန်မှုပင်ဖြစ်ပြီး ပြည်သူအပေါ် စေတနာထားသည့် ဝန်ထမ်းကောင်းတို့၏ ဂုဏ်သတင်းမွှေးပျံ့မှုများ၊ ပြည်သူတို့၏ လေးစားချစ်ခင်မှုများကိုလည်း သတင်းများ၊ လူမှုကွန်ရက်များတွင် မကြာမကြာ တွေ့ မြင်ကြရသည်။ ယင်းသို့သော ဝန်ထမ်းကောင်းများကို လေ့လာပါက အကျင့်စာရိတ္တပိုင်းတွင် မိမိကိုယ်တိုင် စံနမူနာယူနိုင်သူများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် လောဘ၊ ဒေါသ၊ အတ္တစိတ်တို့အပေါ်ထိန်းကွပ်နိုင်ပြီး မိမိအလုပ်အပေါ် ဂုဏ်ယူနိုင်ကြသူများ၊ စိတ်ရှည်သည်းခံစာနာထောက်ထားတတ်သူများ၊ ဝန်ထမ်းဘဝ၏ ပြဿနာအခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး အလုပ်တာဝန်ကို မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်နိုင်သူများ၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံပြီး လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့တွင် မှန်ကန်သူများဆိုသည့်ဂုဏ်ရည်များနှင့်ပြည့်စုံကြသည်ကို တွေ့ မြင်ရမည်ဖြစ်သည်။

 

ဝန်ထမ်းဟူသည် တာဝန်ချိန်မှလွဲလျှင် ပြည်သူထဲက ပြည်သူပင်ဖြစ်သည်။ ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ကျေပွန်ခြင်း၊ ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းတို့ကို ကျင့်သုံးကြရပြီး နိုင်ငံသားပြည်သူတစ်ဦးအနေဖြင့်လည်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာနေကြရစမြဲဖြစ်သည်။ ဝန်ထမ်းဘဝတွင် ချမ်းသာခြင်းကို မျှော်မှန်းခြင်းထက်တာဝန်ကျေပွန်ခြင်းနှင့် ဂုဏ်သိက္ခာမြင့်မားခြင်းတို့ကို မျှော်မှန်းခြင်းကသာ လက်တွေ့ဘဝနှင့် ဆီလျော်ကိုက်ညီမည်ဖြစ်သည်။ ဝန်ထမ်းတိုင်း လုပ်ငန်းကျွမ်းကျင် တာဝန်ကျေပွန်ကာ ပြည်သူအပေါ် စေတနာထား၍ ဝန်ဆောင်မှုများပြည့်ဝစွာပေးခြင်းဖြင့် မိမိတို့ခေတ်၏ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နိုင်ကြပါစေကြောင်း ။ ။

 

မြန်မာ့အလင်း