မြောင်းမြ   ၅   သြဂုတ်


လက်သမား ပန်းရံအတတ်ပညာ သင်တန်းကို ယနေ့နံနက်တွင် မြောင်းမြမြို့နယ် မုဆိုးကွင်းကျေးရွာအုပ်စု၊ မြို့ဦး ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် အခြေခံလုပ်ငန်းများဖြစ်သည့် အုတ်စီခြင်း၊  မဆလာဖျော်ခြင်း၊ ကွန်ကရစ် ဖျော်စပ်ခြင်းနှင့် ရွေဘော်ထိုး၊ လွှတိုက်ခြင်း၊ သစ်သားအိမ်တစ်လုံး ဆောက်လုပ်ခြင်း၊ သစ်အချောကိုင်ပညာ စသည်တို့ကို ကျွမ်းကျင် ပညာရှင်များနှင့် ပြင်ပပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။


အဆိုပါ သင်တန်းကို သြဂုတ် ၅ ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီ သင်တန်းသား ၂၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အခြေခံစီးပွားရေး ခိုင်မာလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


အောင်မင်း (မြောင်းမြ)