မန္တလေး ၅ သြဂုတ်


မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်တို့ရှိ မြို့ကွက်သစ်ဧရိယာများတွင် ဂရန်ရရှိထားပြီးဖြစ်သော်လည်း မြေပြင်တွင် အဆောက်အအုံ အခိုင်အမာ ဆောက်လုပ်ထားခြင်း မရှိသေးသည့် မြေကွက်လပ်များ တွေ့ရှိရသည်။


မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြီး သာယာလှပရေးအတွက် ဂရန်ရရှိပြီးမြေကွက်လပ်များ(တရားရုံးအမှုဖြစ်ပွားဆဲ၊ ကျုးကျော်မှုများ မရှင်းလင်းနိုင်သေးသည့်ဂရန်မြေများမပါ) တို့တွင် အခိုင်အမာ အုတ်တံတိုင်းဝင်းခြံ ကာရံခြင်း၊အဆောက်အအုံ ဆောက်လုပ်ခြင်းတို့အား မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ အဆောက်အအုံနှင့် ကုန်ရုံဌာနတို့၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်များ ရယူပြီး အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ဂရန်သက်တမ်းကုန်ဆုံးချိန်အထိ ဆောင်ရွက်ခြင်းမရှိပါက ဂရန်သက်တမ်းတိုးလျှောက်ထားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက အသိပေးကြေညာထားသည်။


မန္တလေးခရိုင်အတွင်း မြို့ကွက်သစ်ရှိ ဝင်းခြံကာရန်ခြင်းမရှိ လူနေထိုင်ခြင်းမရှိသည့် ဂရန်ရှိပြီး မြေကွက်လပ်များတွင် အနယ်နယ်အရပ်ရပ်မှ မန္တလေးမြို့တွင်ကျပန်းလာရောက် လုပ်ကိုင်သူ မိသားစုများက နေအိမ်များ ဝင်ရောက်ဆောက်လုပ်ကာ ကျုးကျော်နေထိုင်မှုများ တိုးများလာသဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းဖယ်ရှားပေးခဲ့ရသည်။


မောင်ပြည်သူ(မန္တလေး)