ကောလင်း   ၅    သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့၌ သြဂုတ် ၆ ရက်တွင် စတင်ကျင်းပမည့် ကောလင်းမြို့ တိုးတက်မြန်မာစာပေ၏ ဝဿန်ရာသီ စာအုပ်ဈေးရောင်းပွဲတွင် စာရေးဆရာများ၏ ရသစာပေရွတ်ဖတ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စာအုပ်ဈေးရောင်းပွဲတွင် ကလေးစာပေများ၊ ဥပဒေစာအုပ်များ၊ သုတရသစာပေ များအပါအဝင် စာအုပ်အမျိုးအစား ၁၈၀ ကျော်ဖြင့် စာအုပ်ပေါင်း ၂၅၀ဝ တို့အား ရောင်းချပေးသွားမည်ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲနှင့်အတူ မြို့ခံစာရေးဆရာများဖြစ်သည့် မိုးနောင်(ကောလင်း)၊ လင်းသက်ငြိမ်း၊ ကိုစိုး(ကောလင်း)တို့က ကဗျာရွတ်ဖတ်ခြင်း၊ ဝတ္ထုဖတ်ခြင်း၊ အက်ဆေးဖတ်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


ရသစာပေထွန်းကားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ စာအုပ်ဈေးရောင်းပွဲကို ကောလင်းမြို့ တိုးတက်မြန်မာစာပေမှ ဦးအောင်ကျော်ထွန်း(ကိုပြာလောင်)ဦးစီးပြီး သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ရွှေမင်းဝံလမ်း ဗိုလ်တဲရပ်ရှိ မြို့လယ်ဈေးရုံ၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မိုးနောင်(ကောလင်း)၊ စိုင်းအောင်ဇော်လင်း