ရွှေကူ ၅  သြဂုတ်


အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ရွှေကူမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


အခမ်းအနားတွင် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦဖြစ်သော အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် လျှပ်စစ်သုံးစွဲသူများအနေနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်လုပ်ငန်း လုပ်ကိုင်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ လျှပ်စစ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ တိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသားများ နားလည်လွယ်သည့် သင်ရိုးညွှန်းတမ်းများဖြင့် လက်တွေ့ကျကျ သင်ကြားပို့ချနိုင်မည့် ထိရောက်သော နည်းလမ်းကောင်းများဖြင့် လျှပ်စစ်ကြောင့် မီးလောင်မှု၊ ဓာတ်လိုက်မှု စသည့် ဘေးအန္တရာယ် ကျရောက်မှုများ၊ အသက်အိုးအိမ် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အခြေခံ သိသင့်သိထိုက်သည့် လျှပ်စစ်သွယ်တန်းခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းခွင်ရှိ လျှပ်စစ်စက်ရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင်၊ လျှပ်စစ်နှင့် ပတ်သက်သည့် အန္တရာယ် မဖြစ်ပွားအောင် လက်တွေ့နယ်ပယ်မှာ စစ်ဆေးဆောင်ရွက်နေတဲ့ စစ်ဆေးရေးဆိုင်ရာ အတွေ့အကြုံရှိတဲ့ လျှပ်စစ်စစ်ဆေးရေးမှူးများ၏ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သား သင်ယူကြရန် ပြောကြားသည်။


သင်တန်းတွင် သင်တန်းနည်းပြ ဆရာများအဖြစ် အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)မှ သင်တန်းနည်းပြ (အရာရှိ) ဦးသန်းဇော်၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)မှ (အကြီးတန်း)သင်တန်းနည်းပြ ဦးခင်မောင်စိုး၊ အမှတ်(၄) စက်မှုသင်တန်းကျောင်း(ပခုက္ကူ)မှ (အကြီးတန်း)သင်တန်းနည်းပြ ဦးစည်သူဟိန်းနှင့် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးအေးကို၊ ဒေါ်မိုးသူဇာ၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်သူရိန်၊ ဦးကိုကိုအောင်နှင့် ဦးဇော်လင်းတို့က သင်တန်းသား ၁၃၀ အား ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို စက်မှုဝန်ကြီးဌာနနှင့် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ ပူးပေါင်း၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


MDN