ပုသိမ် ၅ သြဂုတ်
သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ သတင်းလုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအနေဖြင့် အစိုးရအဖွဲ့ ဆောင်ရွက် ချက်များ၊ ပြည်သူတို့၏ လိုအပ်ချက်၊ လိုလားချက်များကို ပေါင်းကူးဆက်ဆံပေးလျက်ရှိပြီး ပြည်သူ သိသင့် သိထိုက်သော မှန်ကန်တိကျသည့် သတင်းအရင်အမြစ်များ ရှာဖွေကာ အချိန်နှင့် တစ်ပြေးညီ ကြိုးစား သွားကြရန် လိုအပ်ကြောင်း၊ မဏ္ဍိုင်ကြီးလေးရပ်မှ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာမဏ္ဍိုင်အား ပြည်သူအားကိုး အားထား ပြုရသည့် မဏ္ဍိုင်အဖြစ် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ သတင်းအရင်းအမြစ် ရှာဖွေခြင်း၊ သတင်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါး ရေးသားခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းထုတ်ပြန်ချက်၊ သတင်းမှတ်တမ်း ရိုက်ကူးရာတွင် ဆောင်ရန် ရှောင်ရန်များ၊ Online အသုံးပြု၍ သတင်းများ ထုတ်ပြန်ခြင်း၊ Social media (လူမှုမီဒီယာဘာသာရပ်)၊ သတင်းမှတ်တမ်း လက်တွေ့ ရိုက်ကူးခြင်းတို့ကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် အသီးသီးမှ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းစုစုပေါင်း ၄၀ တက်ရောက်လျက်ရှိပြီး သြဂုတ် ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)



