ပွင့်ဖြူ     ၅    ဩဂုတ်     


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု သစ်တော်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက မုန်းချောင်းကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် နှစ်လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 


ပွင့်ဖြူမြို့နယ် သစ်တော်ကျေးရွာသည် မုန်းချောင်းကမ်းဘေးတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ ဒေသခံ ပြည်သူများ အနေဖြင့် ယခုကဲ့သို့ မုန်းချောင်းကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။ 


ယနေ့ နံနက်ပိုင်းက မုန်းချောင်းကမ်းပါးပြိုကျမှုမှာ ကျေးရွာနှင့် အလွန်နီးကပ်လာသဖြင့် ဒေသခံပြည်သူများ အန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ ပြောင်းရွှေ့ရသည့် လူနေအိမ်နှစ်လုံးအား ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွှေ့ပြောင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)