ဝမ်းတွင်း ၅ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာ အခြေခံပညာ အထက်ကျောင်း(ခွဲ)တွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဩဂုတ် ၄ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး(ကုသ) ဒေါက်တာထားထား၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးများ စစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရည် ကျန်းမာရေးများ စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးများပေးခြင်း၊ ရာသီတုတ်ကွေးရောဂါ H1N1 အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရာသီတုတ်ကွေးရောဂါ (H1N1) ရောဂါများ မဖြစ်ပွားစေရန်နှင့် ခြင်မှကူးစက်နိုင်သော ရောဂါများ ကာကွယ်နိုင်ရန် စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


