သံတွဲ ၅ သြဂုတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မဲနယ်ကွင်း) အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကို သြဂုတ် ၄ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ဖွင့်လှစ်ပေးသည်။

 

0354

 

ရှေးဦးစွာ ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်မုဒ်ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လှုမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

0317

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးများနှင့်အတူ ကျောင်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အခမ်းအနားဒုတိယပိုင်းကို အဆိုပါ ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် သံတွဲမြို့နယ်နှင့် မဲနယ်ကွင်းကျေးရွာအတွက် မင်္ဂလာရှိသော နေ့ရက်တစ်ရက်ဖြစ်ပါကြောင်း၊ မဲနယ်ကွင်းအခြေခံပညာအထက်တန်း ကျောင်းသည် အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်လာသော ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းကို ကြည့်မည်ဆိုလျှင်လည်း သံတွဲမြို့ နယ်တွင် တတိယအောင်ချက်အကောင်းဆုံး ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ ယခုကဲ့ သို့ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လိုက်သည်နှင့်အမျှ ယခုထက် အောင်မြင်မှုများ ပိုမိုရရှိအောင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးက ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ပညာရေးမှူးက ရခိုင်ပြည် နယ်ပညာရည်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခြေခံပညာ အထက် တန်းကျောင်း(မဲနယ်ကွင်း)မှ ကျောင်းအုပ်ဆရာကြီးက  ကျောင်း၏နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကျောင်းအဆင့်တိုးမြှင့်ပွဲ အထိမ်းအမှတ်အလံငယ်များ ပေးအပ်သည်။ 

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းအဆင့်တိုးမြှင့်ဖွင့်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကျောင်းသားကျောင်းသူလေးများက “မဟာနွယ်”တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

တင်မောင်လွင်၊ တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ-ကံထွန်း