ဟိုပုံး ၅ သြဂုတ်
ပအိုဝ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို သြဂုတ် ၄ ရက် နံနက် ၉နာရီက ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးယောဆက်က မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် များအသင်းနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပအိုဝ်းတိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကို တတ်နိုင်သမျှ ဆောလျှင်စွာ ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ပါကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စီးပွားရေးလုပ်ငန်းများအား လာရောက်လေ့လာခြင်း၊ ပအိုဝ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် လာရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်ဖြစ်ပေါ်လာပုံ၊ အသင်း၏ လုပ်ငန်း တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်းအတွက် ရရှိလာမည့် အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ပအိုဝ်း တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ချိတ်ဆက်ဆောင်ရွက်မည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ တက်ရောက်လာသူများက ရှေ့ဆက်စီးပွားရေး လုပ်ငန်းများအား ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)


