မဒေါက် ၅  ဩဂုတ် 


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်  မဒေါက်မြို့၌ ဩဂုတ် ၅ရက်နေ့ နံနက်ပိုင်းက စစ်တောင်း မြစ်ရေ အတက်ကြမ်းမှုကြောင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


စစ်တောင်းမြစ်ရေမှာ ဆက်လက်မြင့်တက်နေပြီး နံနက် ၁၂ နာရီခွဲအချိန်တွင်  ၁၁၇၀ စင်တီမီတာသို့ ရောက်ရှိလာကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် သုံးပေ ကျော်လွန်နေပြီး မင်းလမ်းမကြီးပေါ် ရေကျော်ကာ ရပ်ကွက်အအနိမ့်ပိုင်းနေရာများ စည်ပင်သာယာဈေး အနိမ့်ဘက်ခြမ်းနေရာများရေဝင် နစ်မြုပ်လျက်ရှိကြောင်းသိရှိရသည်။ 


ယခင်နှစ်က စစ်တောင်းမြစ်ရေမှာ မဒေါက်မြို့၌ ၁၂၈၂စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ၁၁၈၀ စင်တီမီတာသို့ ရောက်ရှိပါက ကယ်ဆယ်ရေးစခန်း ငါးခုနှင့် ကွပ်ကဲရေးရုံးတစ်ရုံး ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မဒေါက်မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 


မဒေါက်မြို့ရှိ စစ်တောင်းတာကြံ့ခိုင်မှုအခြေအနေနှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာ၏စိုးရိမ်ရေအမှတ် အဆင့် ၁ သက်မှတ်ကာ အုပ်ချုပ်ရေးရုံးများ၌ အလံအစိမ်းများ လွှင့်ထူထားရှိပြီး ရေကင်းလှည့်ခြင်း သဲအိတ်များ ကြိုတင်ပြင်ဆင်ထားခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ 


ကိုလွင်(ဆွာ)