ရေစကြို  ၅   ဩဂုတ်  


မကွေးတိုင်းဒေသကြီး  ပခုက္ကူခရိုင် ရေစကြိုမြို့နယ်  ရှင်မတောင်တောင်ပေါ်ရှိ မျောက်များစားသုံးရန်အတွက် ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒကျောင်းသား ကျောင်းသူများနှင့် Green Painted Plants အဖွဲ့မှ ရှင်မတောင်ပေါ်ရှိ အစာရေစာရှားပါးနေသော မျောက်များအတွက် အစားအသောက်များအား ဩဂုတ် ၄ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းမှုအား ကျောက်ဆည်တက္ကသိုလ်မှ  ဒေါက်တာ  နန်းချယ်ရီဦး ဦးဆောင်သော Green Painted Plants အဖွဲ့နှင့် ကျောက်ဆည်တက္ကသိုလ်သတ္တဗေဒကျောင်းသား ကျောင်းသူများနှင့် အခြားတက္ကသိုလ်များမှ ကုသိုလ်ရှင်များစုပေါင်းလှူဒါန်းသည့် အစားအစာများအား ရှင်မတောင် တောင်ခြေတောင်ပေါ်တို့တွင်နေကြသည့် မျောက်ကောင်ရေ  (၅၀ဝ)ကျော်အတွက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ 


နွေရာသီမှစတင်ကာ အစားအစာ နှင့်ရေများ လိုအပ်လျက်ရှိကြောင်း  မြန်မာနိုင်ငံ သစ်ပင်ချစ်သူများ အသင်း(အပူပိုင်းဇုံ)တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင် လုပ်ကိုင်နေသည့် ဦးသန်းဦးထံမှသိရကာ မျောက်များအတွက် အစားအစာများနှင့် အလှူငွေများစိတ်ပါ ဝင်စားသူမည်သူဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာနန်းချယ်ရီဦး ဦးဆောင်သော Green Painted Plants အဖွဲ့မှလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မာလကာသီးတစ်အိတ်(တစ်တင်းခွဲ)ဝင်၊ ကုလားပဲခြမ်း ပိဿာချိန် (၃၀)နှင့် မြေပဲဆန် (၁၄)ပိဿာလှူဒါန်းပေးခဲ့ကြောင်း ဦးသန်းဦးထံက သိရသည်။


ရှင်မတောင် တောင်ပေါ်တွင် မျောက်များအတွက် အစားအစာရှားပါးနေပြီး ရေလည်း ဒီနှစ်အင်မတန်ရှားပါးကြောင်း ရှင်မတောင် တောင်ပေါ်ရှိဘုန်းတော်ကြီးကျောင်းမှ မိုးရေစု ရေအုတ်ကန်ဖြင့် မိုးရေလှောင်ခဲ့သော်လည်း ဒီနှစ်ရာသီဥတု မိုးရွာသွန်းမှုမရှိခြင်းကြောင့် အလှူရှင်များ လှူဒါန်းသော သောက်ရေသုံးရေဖြင့်သာ ရှင်မတောင်ဒေသ မှီခိုနေထိုင်ကြသည့် မျောက်၊ ရွှေသမင်၊ ယုန်၊ တောခွေးများအား မိုးကာရေလှောင်ကန်များဖြင့် ရေဖြည့်ပေးထားကာ သောက်သုံးစေကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနကလည်း မိုးမကျမီအချိန်အတွင်း ရှင်မတောင်ဒေသအားမှီခိုနေသည့် တိရစ္ဆာန်များအတွက် မိုးကာရေလှောင်ကန်းငယ်များဖြင့် ရေဖြည့်စီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

1