ထန်းတပင် ၅   သြဂုတ်


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တလိုင်မှီကျေးရွာအတွင်းရှိ လေဘေးသင့်အိမ်ထောင်စု(၉)စုတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်သုံးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို သြဂုတ်လ(၅)ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က တလိုင်မှီကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ဝါးကျူ ထရံကာ၊ သွပ်အမိုးများ လန်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်(၅)လုံးနှင့် ဝါးကျူထရံကာ၊ သွပ်မိုးပြိုကျ ပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးတို့ရှိ လေဘေးသင့်ပြည်သူ(၃၃)ဦးတို့အတွက် တက်ရောက်လာကြသည့် မိသားစုဝင်များကို ဆန်ရိက္ခာဖိုးများ၊ အိမ်သုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။


တလိုင်မှီ လေဘေးသင့် ပြိုကျပျက်စီးမှုများအတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၆ဝဝဝဝ)သောင်း၊ ဆန်ရိက္ခာဖိုး၊ အိမ်သုံးပစ္စည်းများနှင့် အမိုးလန်ပျက်စီးမှုအတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄)သောင်း၊ ဆန်ရိက္ခာဖိုးများကို ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်မျာ းဖြစ်ပေါ်လျက်ရှိသည့်နေရာများကို ထောက်ပံ့ပေးအပ်လျက်ရှိပြီး သဘာဝဘေးဒဏ်ခံစားနေသည့် ပြည်သူများ နဂိုအခြေအနေတစ်ရပ်ကို ပြန်လည်ရောက်ရှိစေဖို့၊ ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ တုန့်ပြန်နိုင်စွမ်းရှိ သည့် လူပတ်ဝန်းကျင်ဖြစ်စေဖို့ ရည်ရွယ်ကာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ကျရောက်နေသည့် နေရာများကိုလည်း အချိန်နှင့်တပြေးညီ သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းထံက ပြောသည်။


ဇင်မင်းထိုက်(ထန်းတပင်)