ကျောက်ကြီး ၅ သြဂုတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စု အချို့အား ယာယီကယ်ဆယ်ရေးစခန်းနှင့် နီစပ်ရာဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့ရကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်ရှိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် (၈၆၀) စင်တီမီတာ၊ အန္တရာယ်ရေမှတ် (၉၃၀) စင်တီမီတာ ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေမှတ်(၈၇၀)စင်တီမီတာ သို့ရောက်ရှိနေပြီး ကျောက်ကြီး ချောင်းရေ မြင့်တက်လာကာ ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ ဆားတန်းရပ်ကွက်၊ တောင်ငူတန်းရပ်ကွက်၊ သိမ်တန်းရပ်ကွက်၊ ဗမာဝက်လာတောကျေးရွာ၊ လပတ်ကျေးရွာနှင့် ကျွန်းပင်ဆိပ်ကျေးရွာတို့မှ အိမ်ထောင်စု စုစုပေါင်း (၁၂၈) စု ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ပေါင်း(၅၆၄)ဦးအား ယာယီ ကယ်ဆယ်ရေစခန်း ဖွင့်လှစ်ထားရှိသည့် ပဲခူးရပ်ကွက် မြို့တွင်းကျောင်း မိုးကုတ်ဓမ္မာရုံ၊ သိန်တန်းရပ်ကွက် ရှိ မင်းအိုကြီးဘုန်းတော်ကြီးကျောင်း နှင့် ရပ်ကွက်ဓမ္မာရုံ၊ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်း၊ ကျွန်ပင်ဆိပ်ကျေးရွာ ဘက်စုံသုံးခန်းမတို့နှင့် နီစပ်ရာ ဆွေမျိုးများအိမ်များသို့ တာဝန်ရှိသူများက ပြောင်းရွှေ့နေရာချထားပေးပြီး အခြေခံပညာကျောင်း (၄)ကျောင်းအား ခေတ္တယာယီ ပိတ်ထားရကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


