နေပြည်တော် ၅ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ ရန်ချင်းခရိုင်၌ (၆) လကြာ ကျင်းပလျက်ရှိသည့် International Horticulture Expo 2019 ပြပွဲကာလအတွင်း ဩဂုတ် ၄ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
မြန်မာနေ့အခမ်းအနားကို International Horticulture Expo Guirul Theater ၌ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်သီချင်းတို့ ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သစ်တောရေးရာ ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် International Horticulture Expo ၏ Deputy Commissioner General , Mr. Zhao Liangping တို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ မြန်မာ့ယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ မြန်မာနေ့အခမ်းအနားသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံမှ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို ပေကျင်းမြို့၊ Ocean Spring ဟိုတယ်တွင်ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် အာဆီယံ- တရုတ်စီးပွားရေးကောင်စီဥက္ကဌ Mr. Xu Ningning တို့ တက်ရောက်အမှာစကားပြောကြား ခဲ့ကြသည်။
ဆက်လက်၍ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ ညွှန်ကြားရေးမှူး Dr. Zhao Yifang က တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးနှင့် ရေထွက်ကုန် ပစ္စည်းများတင်ပို့ရာတွင် သိရှိသင့်သည့် လုပ်ငန်းစဉ်များနှင့် စည်းမျဉ်းများကို ရှင်းလင်းဆွေးနွေး ရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး စီးပွားရေးချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ ဒေသစံတော်ချိန် နံနက် (၁၁) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့ရှိ စီးပွားရေးဝန်ကြီးဌာန (MOFCOM) သို့ သွားရောက်၍ တရုတ်နိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လင်ချန်ကန်းနှင့်တွေ့ဆုံ၍ မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စ ၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် အကောင် အထည်ဖော်ရေးကိစ္စ ၊ နာနတ်သီး၊ ထောပတ်သီး အပါအဝင် မြန်မာ့သစ်သီးဝလံများ အရည်အသွေးစစ်ဆေးမှုကို အရှိန်အဟုန်မြှင့်တင်၍ တိုးမြှင့် တင်ပို့နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် China Oil & Food Cooperation Co.,Ltd (COFCO) ဒုတိယဥက္ကဌနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် COFCOM တို့အကြား ချုပ်ဆိုထားသော ဆန် Quota တန် (၁) သိန်းဝယ်ယူရေး အကောင်အထည်ဖော်နိုင်ရေးကိစ္စ ကို ဆွေးနွေးကြပြီး၊ CITIC Construction Co.,Ltd ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များပိုမိုဝယ်ယူရေး၊ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


