ရန်ကုန် ၅ သြဂုတ်
ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ရောင်းဝယ်လျက်ရှိသည့် ကုမ္ပဏီ ၅ ခုအနေဖြင့် ဇူလိုင်လအတွင်း အစုရှယ်ယာပေါင်း ၄၉၁၂၄၁ စု အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း၌ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများဖြစ်သော FMI, MTSH, MCB, FPB, TMH ကုမ္ပဏီများသည် Normal Trading အနေဖြင့် အစုရှယ်ယာပေါင်း ၂၅၆၂၄၁ စုနှင့် Block Trading စနစ်ဖြင့် အစုရှယ်ယာပေါင်း ၂၃၅၀ဝ၀ စု၊ စုစုပေါင်းရှယ်ယာ ၄၉၁၂၄၁ စု အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ငွေတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၂၈၆၃ ဒသမ ၆၃ ဖိုးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ရန်ကုန်စတော့အိတ် ချိန်းစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ရှယ်ယာအရေအတွက် ၁၂၄ ဒသမ ဝ၂ သန်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ၁၂၈ ဒသမ ၉ ဘီလီယံကျပ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စတော့အိတ်ချိန်းအရောင်းအဝယ် ပတ်သက်၍ ဗဟုသုတတိုးပွားစေရန် ရန်ကုန် စတော့အိတ်ချိန်းမှ သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဇူလိုင်လအတွင်း အခြေခံစတော့ ရင်းနှီးမြုပ်နှံမှု သင်တန်းအမှတ် ၆ ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၇၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သင်တန်းအပတ်စဉ် ၇ ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်များအကြောင်း၊ စာရင်းဝင်ကုမ္ပဏီများ အကြောင်းနှင့် စတော့ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဗဟုသုတများကို ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အကူပြုနေသည့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ စီးပွား ရေးလုပ်ငန်းများ တိုးချဲ့ရေးအတွက် အဓိကလိုအပ်နေသည့် ကာလရှည်ငွေကြေးအရင်းအနှီးများကို စုစည်း နိုင်သည့် Capital Market ၏ အရေးပါပုံကို သိရှိစေရန်၊ စတော့ဈေးကွက်တွင် ပါဝင်ရင်းနှီးမြုပ်နှံလိုသည့် ပြည်သူများအနေဖြင့် ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများနှင့် ဈေးကွက်ဆိုင်ရာ ဗဟုသုတများ ရရှိစေရန်၊ အရင်း အနှီးဈေးကွက် Eco System ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ ပညာရပ်များလေ့လာနိုင်ရန်အတွက် တတိယအကြိမ်မြောက် YSX Expo 2019 ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသားများရောင်းဝယ်မှုပြုလုပ် နိုင်ရေးအတွက် ငွေကြေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကော်မရှင်မှ ၂၀၁၉ ခုနှစ် ဇူလိုင် လ ၁၂ ရက်နေ့တွင် အမိန့်ကြေငြာစာထုတ်ပြန်ခဲ့ရာ စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းအလိုက် ခွင့်ပြုမည့်ရာခိုင် နှုန်းကို ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် သက်ဆိုင်ရာငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ပူးပေါင်းထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


