နေပြည်တော် ၅  သြဂုတ် 

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ UPR အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌  ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများနှင့်ပတ်သက်၍  ပြည်သူပြည်သားများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးသည် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းအလိုက် ဥပဒေများဖေါ်ဆောင်ခြင်းဖြင့် ပြည်သူများအခြေခံလူ့အခွင့်အရေးများ ခံစားရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး ဖော်ဆောင်မှုများကို UPR လုပ်ငန်းစဉ်ဖြင့် ကမ္ဘာက သိအောင်ဆောင်ရွက်ပေးနိုင်ရန် ပူးပေါင်းဆွေးနွေးကြမည်ဖြစ်ကြောင်း။

UPR ဟုခေါ်သည့် Universal Periodic Review  လုပ်ငန်းစဉ်ကို ၂၀ဝ၆ ခုနှစ်တွင် အစပြုခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိ်ုက် ဆောင်ရွက်လျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာများကို အစီရင်ခံစာတင်သွင်းခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပထမအကြိမ်အစီရင်ခံစာအား ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ တင်သွင်းခဲ့ကြောင်း၊ တတိယအကြိမ်အစီရင်ခံစာ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တင်သွင်းရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံပေါင်း(၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက်(၂၈၁)ချက်အနက် (၁၆၆)ချက်ကို မြန်မာနိုင်ငံကလက်ခံခဲ့ပြီး ကဏ္ဍ (၁၂)ရပ်ခွဲကာ လုပ်ငန်း ကော်မတီ(၁၂)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

mdn

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား/မတန်းတူညီတူရှိမှု မြှင့်တင်ရေးနှင့်ထိခိုက်ခံ စားလွယ်သော အုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၂) ရပ်တို့တွင် အကြံပြုချက်ပေါင်း (၃၀)ကို အကောင်အထည်ဖော်ဆာင်ရွက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာ (၃)ကြိမ် တင်သွင်းထားခဲ့ပြီး ပဉ္စမနှင့် ဆဋ္ဌမအကြိမ်နိုင်ငံအဆင့် ပူးတွဲအစီရင်ခံစာတင်ပြ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဆိုင်ရာဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၂/၂၀၁၉ ဖြင့်ပြဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး ဥပဒေကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး ပြည့်တန်ဆာဆိုင်ရာဥပဒေ(မူကြမ်း)ကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (၁၈၈)ဦးဖြင့် မြို့နယ်များအထိ် ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း။

 

mdn

 

 ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသာမက သက်ကြီးရွယ်အို၊ မသန်စွမ်းအစရှိသော ကာကွယ်စောင့်ရှောက် ရန်လိုအပ်သည့်အုပ်စုများ အတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ One Stop Women Support Center (OSWSC) ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ထားပြီး အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် ကျန်းမာရေး၊ တရားရင်ဆိုင်နိုင်ရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုရရှိရေးနှင့် နောက်ဆက်တွဲ ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာစီမံကိန်း (၂၀၁၃ -၂၀၂၂)ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ(၄)ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ များ၏ လိုအပ်ချက်များကို လူမှုဝန်ထမ်းနည်းဖြင့် ဖြေရှင်းပေးရန် တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့အကူအညီ တောင်းခံ ခြင်းတို့အတွက်  Help Line ဝန်ဆောင် မှုအား၂၀၁၆ ခုနှစ် နိုဝင်ဘာ (၃၀)ရက်မှစ၍ ၂၄နာရီဖွင့်လှစ် ထားရှိပြီး ၂၀၁၉ခုနှစ်၊ ဇူလိုင်လကုန် အထိ တိုင်ကြားသူပေါင်း (၁,ဝ၂၇)ဦး ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့ အစည်းများဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ဤအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Cynthia Veliko နှင့် UNDP-Governance and Sustainable Peace မှ အဖွဲ့ခေါင်းဆောင် Mr.Joerg Stahlhult တို့က အမှာစကား ပြောကြားကြပြီး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးခြင်းနှင့် အကြံပြု တိုက်တွန်းချက်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)