မလှိုင် ၆ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ယခုနှစ်တွင် ကျေးရွာ (၅၀) အတွက် မီးလင်းရေးဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ကျေးရွာပေါင်း ၅၀ အတွက် မီးလင်းရေးဆောင်ရွက်ရာတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ (၂၂) ရွာ အတွက် လျှပ်စစ်ထရန်စဖော်မာ ၁၈ လုံး၊ တိုင်းဒေသကြီးအစိုးရ ပိုလျှံ ရန်ပုံငွေဖြင့် ထပ်တိုးကျေးရွာ ၂ ရွာအတွက် ထရန်စဖော်မာ ၂ လုံး စုစုပေါင်း ကျေးရွာ (၂၄) ရွာ အတွက် ထရန်စဖော်မာအလုံး ၂၀ နှင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (NEP) မှ ကျေးရွာ (၂၆) ရွာအတွက် ထရန်စဖော်မာ (၂၆)လုံး မလှိုင်မြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျေးရွာပေါင်း (၅၀) မီးလင်းရေးဆောင်ရွက်ရာတွင် စုစုပေါင်း ထရန်စဖော်မာ ၄၆ လုံးဖြင့် ယခု ဘဏ္ဍာနှစ်အပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ထရန်စဖော်မာများအား ကျေးရွာရှိ အိမ်ထောင်စု အနည်းအများအလိုက် ထရန်စဖော်မာ 100 KVA / 160 KVA / 200 KVA နှင့် 350 KVA စသဖြင့်သင့်သလို တပ်ဆင်ပေးလျက်ရှိပြီး ကျေးရွာငါးဆယ်အတွင်း ပေါင်းစည်း၍ တည်ဆောက်ရသော ကျေးရွာအချို့အား နှစ်ရွာတစ်အိုး တပ်ဆင်ခြင်းများလည်းရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး လက်ထောက်မန်နေဂျာ (အင်/ယာ) ဦးကျော်စိုးဝင်းထံမှ သိရသည်။
မလှိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၂၄၇ ရွာရှိသည့်အနက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အထိ (၁၁၇) ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့သည်။ ဘဏ္ဍာနှစ်အပြီးတွင် ကျေးရွာ ၅၀ မီးလင်းရေး ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စုစုပေါင်း ၁၆၇ ရွာ မီးလင်းရေး ဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အပြီးတွင် မလှိုင်မြို့နယ်ရှိ ကျေးရွာအားလုံး၏ ၆၇ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ဘိုဘို(မလှိုင်)


