ဖယ်ခုံ  ၆  သြဂုတ် 


ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (KOICA) နှင့် ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center) တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုးများ ဖြန့်ဖြူးခြင်းစီမံကိန်းအတွက် မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၅ ရက် နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ဆွေးနွေးပွဲတွင် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်လွင်တို့က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ မီးဖိုအသုံးပြုပုံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။


“ စီမံကိန်းရဲ့ အဓိကမျှော်မှန်းချက်ကတော့ ကျေးလက်ဒေသများမှာ လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်လာနိုင်မယ်။ ကာဗွန်ထွက်ရှိမှုတွေကိုလဲ လျှော့ကျစေမှာပါ။ အဲဒီတော့ ရာသီဥတု ဖောက်ပြန်မှုတွေကိုလဲ ကာကွယ်ပြီးသားဖြစ်တာပေါ့။ ဒီစီမံချက်မှာ ဖယ်ခုံမြို့နယ်အနေနဲ့ လတ်တလော မီးမရရှိသေးတဲ့ အိမ်ထောင်စုတွေကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ကျေးရွာအုပ်စု ၁၉ ခုရှိတဲ့ထဲက ၁၁ အုပ်စုမှာရှိတဲ့ ကျေးရွာပေါင်း ၁၃၅ ရွာက အိမ်ထောင်စုပေါင်း ကိုးထောင် ခန့် ကို မီးဖိုတွေဖြန့်ဝေပေးဖို့ စီမံချက်မှာလျာထားပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က ပြောကြားသည်။


အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသူများက သိရှိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး စွမ်းအားမြှင့်မီးဖို အသုံးပြုခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရှိရသည်။


ဆွေးနွေးပွဲသို့ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံချက်ပါကျေးရွာများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ကိုထွေး(ဖယ်ခုံ)