ညောင်ဦး  ၆ ဩဂုတ်     
    

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးများ ကောင်းစွာရွာသွန်းခြင်း မရှိသေးသည့်အတွက် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရ၍ ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍  သောက်သုံးရေရှားပါးသည့်ကျေးရွာများအား  ရေသယ်ယာဉ်များဖြင့် သွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
    

မိုးဦးမိုး ကောင်းမွန်စွာ ရွာသွန်းခြင်းမရှိသေးသည့်အတွက် သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့က ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာ  ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ ညောင်လှကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ ကန်နီကြီးတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ ဗျတ္တပန်းဆက်လမ်းဘေးအနီး စံမှီတော်ဘုန်းတော်ကြီး ကျောင်းအတွက် ရေဂါလန် ၁၅၀ဝ ၊  စုစုပေါင်း ရေဂါလန် ၉၆၀ဝ အား သောက်သုံးရေဖူလုံစေရေး စနစ်တကျ ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေး ထံမှ သိရသည်။  

                                                                                                           

လှိုင်ဝင်းလေး ( ပုဂံမြေ )

 

1