မြိတ် ၆ သြဂုတ်
မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝနယ်မြေများအတွက် မူဝါဒ(မူကြမ်း) ရေးဆွဲနိုင်ရေး ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ Green Eyes ဟိုတယ် အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)တို့ ပူးပေါင်း၍ (၂)ရက်ကြာ ကျင်းပလျက်ရှိသည်။
“ မြန်မာနိုင်ငံ၏ အဏ္ဏဝါသဘာဝနယ်မြေ ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေ ရေးဆွဲနိုင်ဖို့အတွက် မူဝါဒမူကြမ်းကို ဆက်စပ် ပတ်သက်သူတွေကို ချပြတာပါ။ ဆက်စပ်ပတ်သက်တဲ့ ဌာနအဖွဲ့အစည်းတွေ၊ ဒေသခံတွေအနေနဲ့ ဒီမူဝါဒတွေအပေါ်မှာ သူတို့ရဲ့ ဆောင်ရွက်ချင်တဲ့ အချက်တွေကို ဘုံသဘောတူညီချက် ရရှိဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေချစ် က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ သယံဇာတ ထုတ်ယူသုံးစွဲမှုကို ထိန်းကွပ်ခြင်း၊ သယံဇာတများကို မျှတစွာ ထုတ်ယူသုံးစွဲနိုင်ရန် အချိုးကျစနစ် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်းမြေပိုင်းဇုန် ပိုင်းခြားသတ်မှတ်ရာတွင် သဘောတူညီမှု ရသည်အထိ လုပ်ငန်းစဉ်များအပါအဝင် မြေယာအသုံးချမှုဆိုင်ရာ မူဝါဒနှင့် စီမံအုပ်ချုပ်မှု၊ ဒေသခံများအတွက် အကာအကွယ်ပေးမည့် လုပ်ငန်းစဉ်၊ အမျိုးသမီးများအတွက် အခန်းကဏ္ဍ၊ အလုပ်အကိုင်နှင့် သယံဇာတကို ညီမျှစွာ ထုတ်ယူသုံးစွဲနိုင်ရေး၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝနယ်မြေ မူ/ဘောင်၊ အဏ္ဏဝါ သဘာဝနယ်မြေ အမျိုးအစား စသော ခေါင်းစဉ်များဖြင့် ဆွေးနွေးလျက်ရှိကြသည်။
“ မြိတ်ကျွန်းစုသည် အဏ္ဏဝါသယံဇာတတွေ ပေါများကြွယ်ဝပါတယ်။ ဒါတွေကို စဉ်ဆက်မပြတ် သားစဉ် မျိုးဆက်အထိ ထိန်းသိမ်းဖို့လိုအပ်တယ်။ ဒါကြောင့် ဘယ်လိုထိန်းမလဲ။ ထိန်းတဲ့ပုံစံ ဘယ်လိုရှိသလဲ။ ထိန်းတဲ့ အခါမှာ MARINE PROTECTED AREA (MPA) ပုံစံနဲ့ထိမ်းမယ်။ ထိန်းသိမ်းရင် စနစ်တကျထိန်းဖို့တော့ မူဝါဒ ဆိုတာလိုမယ်။ မူဝါဒတစ်ခုဖြစ်လာအောင် အဖွဲ့အစည်းတွေ ဌာနတွေပါတဲ့ အားလုံးနဲ့အတူ မူဝါဒတစ်ခုဖြစ်ပေါ် လာအောင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေတာဖြစ်ပါတယ်” ဟု FAUNA & FLORA INTERNATION (FFI) မှ Weland and Marine Conser vation မန်နေဂျာ ဦးဇော်လွန်း က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်း ကျယ်ပြန့်သည့်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်တွင် မေလ ၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး မြိတ်တွင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြိတ်ဒေသခံများနှင့် ကော့သောင်းဒေသခံများ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်သည့်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ဒေသခံများအား ရှင်းလင်းဆွေးနွေး၍ အားလုံးကို စုစည်းပြီး ပညာရှင်များနှင့် ဆွေးနွေး၍ လုပ်ငန်းစဉ်အတိုင်း နိုင်ငံတော်မှ မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝနယ်မြေများအတွက် မူဝါဒကို ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
“ ဒေသခံတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဒေသသုံး သစ်ထုတ်လုပ်ခွင့်၊ လောင်စာထုတ်ယူခွင့်၊ မြေယာပိုင်ဆိုင်ခွင့်ကို ရေရှည် ထုတ်ယူသုံးစွဲစနစ်တွေနဲ့ ဘယ်လိုထိန်းကျောင်းပြီး ခွင့်ပေးမလဲ။ အဲလိုခွင့်ပေးပြီး ထုတ်ယူခွင့် ပြုမယ်ဆိုရင် ထိန်းတဲ့ဧရိယာက တဖြည်းဖြည်းတိုးတက်လာမှာပါ။ ဒါတွေကို ဒေသခံများက နားလည်ဖို့လိုသလို ထိန်းသိမ်းတဲ့ သူတွေကလည်း ကိုယ်ကျိုးမဖက်ဖို့ လိုပါတယ်။ အဓိကတော့ ဒေသတွင်း မြေယာပိုင်ဆိုင်မှု ထုတ်ယူသုံးစွဲခွင့်တွေ ကို စနစ်တကျဘယ်လို တရားနည်းလမ်းကျတဲ့ ထုတ်ယူမှုမျိုးနဲ့ သွားမလဲဆိုတာကို ဆွေးနွေးပွဲတွင် ထည့်သွင်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု မကြုံဂလက်ကျေးရွာမှ ဒေသခံ ဦးခင်မောင်ထွေး က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အဏ္ဏဝါသဘာဝနယ်မြေအဖြစ် ကျွန်းစုမြို့နယ်ရှိ ဒုံးကျွန်းစု (သရောသတန် ကြီးကျွန်းစု) တွင် အဆိုပြု ဧရိယာ (၁၈၃၀ ဒသမ ၇၇) စတုရန်း ကီလိုမီတာနှင့် ဘုတ်ပြင်းမြို့နယ်ရှိ လငန်းကျွန်းစုတွင် အဆိုပြု ဧရိယာ(၁၈၂ ဒသမ ၂၆) စတုရန်းကီလိုမီတာကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ကုန်းပေါ်ရှိ သစ်တောသယံဇာတများ၊ သဘာဝတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ရေထဲရှိရေ သယံဇာတများ ရေရှည်ထိန်းသိမ်းပြီး အသုံးချနိုင်ရေး အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
တနင်္သာရီကမ်းရိုးတန်းသည် ရှည်လျားလှသည့် အဏ္ဏဝါကမ်းရိုးတန်း တစ်ခုဖြစ်ပြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း (၈၀ဝ)ကျော်ရှိသည်။ ဘင်္ဂလားပင်လယ်နှင့် ကပ္ပလီပင်လယ်ထဲမှ ကျွန်းများစုစည်းနေသည့် နေရာဖြစ်သော မြိတ်ကျွန်းစုသည် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များ၊ ဒီရေတောများ၊ ရွံ့နွံပြင်ကြီးများရှိ၍ ၄င်းတို့သည် ရေသတ္တဝါများ သားပေါက်ကျက်စားရာနေရာ၊ သားပေါက်များ ကြီးထွားသည့်နေရာ ဖြစ်သည်။ အဆိုပါ နေရာများပျောက်သွားပါက ရေသယံဇာတများ ပျက်စီးသွားနိုင်ပြီး အဓိက သားပေါက်နိုင်သည့်နေရာ ပျက်စီး၍ သားမပေါက်ဖွားနိုင်ပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလှမ်း ဝင်ငွေရရှိမှုကို ထိခိုက်လာနိုင်ပေသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)


