လွိုင်ကော် ၆  သြဂုတ် 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အတက်ရောဂါ ကုသရေး လုပ်ငန်းစီမံချက် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြည်နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ ပြောကြားရာတွင် အတက်ရောဂါကို မြန်မာနိုင်ငံမှာ ဝက်ရူးပြန်ရောဂါအဖြစ် အသိများပြီး ကူးစက်နိုင်သည့် ရောဂါစိတ်ရောဂါဟု မှားယွင်းစွာ ယုံကြည်မှုများနေသည်ကို သိရှိရပါကြောင်း၊ အတက်ရောဂါရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ခွဲခြားဆက်ဆံမှုများရှိနေခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရခြင်း အများနည်းတူ ပညာသင်ခွင့် အလုပ်လုပ်ခွင့်များမရှိခြင်း ရောဂါရှိသည်ကို ဖုံးကွယ်လိုသည့်အတွက် ကုသမှုမခံယူခြင်းကြောင့် ခဏခဏ တက်ခြင်းစသော နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး၊ ကျန်မာရေး ဆိုးကျိုးများကို ဖြစ်ပေါ်စေပါကြောင်း၊ စင်စစ်အတက်ရောဂါရှိသူများ၏ (၈၀) ရာခိုင်နှုန်းသည် ဆေးကုသမှုကို စနစ်တကျ မှန်မှန်ခံယူခဲ့လျှင် ပုံမှန်ဘဝအတိုင်း နေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ကယားပြည်နယ်အတွင်းရှိ အတက်ရောဂါခံစားနေရသူများအတွက် ကုသပြုစုစောင့်ရှောက်မှုများပေးပြီး ဆေးဝါးများကိုလည်း အခမဲ့ပေး သွားမည် ဖြစ်ကြောင်း သိရသည့်အတွက် များစွာကျေနပ်အားရမိပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်ကံကောင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး အတက်ရောဂါ စီမံချက်မန်နေဂျာ ပါမောက္ခ ဒေါက်တာစမ်းဦးက စီမံချက်လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ “အတက်ရောဂါ စီမံချက်ကိုကယားပြည်နယ်တွင် ပထမဦးဆုံး ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပထမဆုံးအနေဖြင့် ပြည်သူလူထုကို အသိပညာပေးခြင်း၊ ဒုတိယအနေဖြင့် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းပေးခြင်း၊ နောက်ဆုံးအနေဖြင့် အတက်ရောဂါခံစားနေရသော လူနာများအား ဆေးကုသပေးခြင်း၊ ပညာပေးခြင်း၊ထောက်ပံ့ပေးခြင်းများကို လုံလုံလောက်လောက်ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း၊ အတက်ရောဂါသည် ပျောက်ကင်းအောင် ကုသလို့ရသည့်ရောဂါ ဖြစ်သည့်အတွက် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးများကို မှန်မှန်သောက်ပါက (၁၀) ယောက်တွင် (၈) ယောက်လောက်က ပုံမှန်အနေအထား ရောက်ရှိနိုင်မည်ဖြစ်ကြောင်း” ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စား ဒေါက်တာမျိုးပိုင် က ပြောသည်။


အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖိုးရယ်