ထန်းတပင်  ၆   သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တလိုင်မှီကျေးရွာအတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၉)စုတို့အတွက် အိမ်သုံးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထန်းတပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

1

 


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က တလိုင်မှီကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ဝါးထရံကာ၊ သွပ်အမိုးများလန်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စု (၅)စုနှင့် ဝါးကျူထရံကာ၊ သွပ်မိုး ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု (၄)စု တို့ရှိ လေဘေးသင့်ပြည်သူ (၃၃)ဦးတို့အတွက် တက်ရောက်လာကြသည့် မိသားစုဝင်များအား ဆန်ရိက္ခာ ဖိုးများ၊ အိမ်သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။


တလိုင်မှီကျေးရွာတွင် လေဘေးသင့် ပြိုကျပျက်စီးမှုများအတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၆ဝဝဝဝ၊ ဆန်ရိက္ခာဖိုး၊ အိမ်သုံးပစ္စည်းများနှင့် အမိုးလန် ပျက်စီးမှု အတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၄)သောင်း၊ ဆန်ရိက္ခာဖိုးများကို အိမ်ထောင်စု (၉)စုတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိသည့်နေရာများကို ထောက်ပံ့ပေးအပ်လျက်ရှိပြီး သဘာဝဘေးဒဏ် ခံစားနေသည့် ပြည်သူ များ ပုံမှန်အခြေအနေတစ်ရပ်ကို ပြန်လည်ရောက်ရှိစေဖို့နှင့် ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ တုန့်ပြန်နိုင်စွမ်းရှိသည့် လူပတ်ဝန်းကျင်ဖြစ်စေဖို့ ရည်ရွယ်ကာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ် လျက်ရှိသည့် သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် နေရာများကိုလည်း အချိန်နှင့်တစ်ပြေးညီ သွားရောက်ထောက်ပံ့ ပေးအပ်ပေးအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းထံမှ သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)