ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Winသွားနဲ့ ခံတွင်းကျန်းမာရေးဆိုတာ တကယ်ကို အရေးတကြီး ဂရုစိုက်ဖို့လိုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးသေချာ ဂရုစိုက်မှ ခံတွင်းနံ့ဆိုးတွေ မထွက်နိုင်ဘဲ လူကြားထဲ စကာပြောဖို့ ယုံကြည်ချက်တွေ ရှိလာမယ်။ သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတွေ ဖြစ်မလာအောင်လည်း တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်လို့ ထိခိုက်တာ သွားနဲ့ သွားဖုံးတင် မဟုတ်ပါဘူး။ ပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့- နှလုံးရောဂါ၊
- လေဖြတ်တာ
- ဆီးချိုမထိန်းနိုင်တာနဲ့
- လမစေ့ဘဲ ကလေးမွေးခြင်းတိို့လို ပြဿနာတွေ တစ်ပြုံကြီးဆက်ဖြစ်လာနိုင်စေပါတယ်။ ဒါ့ကြောင့် ခံတွင်းသန့်ရှင်းရေးဆိုတာ တကယ်ကိုလိုအပ်တဲ့အရာတစ်ခုပါ။
ကိုယ်က ခံတွင်းသန့်ရှင်းရေးကို သေချာဂရုမစိုက်ဘဲ ပေါ့ဆမိလိုက်တဲ့အခါ ခံတွင်းက သူ့ကျန်းမာရေး မကောင်းတော့ဘူးဆိုတဲ့အကြောင်း သင့်ကိုအချက်ပြမှာပါ။
ပြနေတဲ့တဲ့ လက္ခဏာတွေကိုယ်က သေချာသိတော့မှ နောက်ဆက်တွဲဆိုးဝါးတဲ့ အခြေအနေတွေအထိ မရောက်အောင် ကြိုတင်ကာကွယ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ဒီတော့ ခံတွင်းကျန်းမာဖို့ လိုအပ်နေကြောင်း ပြနေတဲ့ အချက်တွေက ဘာများလဲ။ ။
၁ – သွားကိုက်ခြင်း – သွားကိုက်တာဟာ သွားနှင့်ခံတွင်း ပြဿနာထဲက အဖြစ်အများဆုံးနဲ့ အသိသာဆုံးတစ်ခုပါ။ အဓိကကတော့ သွားပိုးစားတာကြောင့် ဖြစ်တယ်ဆိုပေမယ့် သွားဖုံးမှာ ရောဂါရှိနေတာကြောင့်လည်း သွားကိုက်တတ်ပါတယ်။
၂ – သွားကျဉ်ခြင်း – ရေအေးအေးလေးပဲဖြစ်ဖြစ် ကော်ဖီပူပဲဖြစ်ဖြစ် သောက်လိုက်တာနဲ့ သွားကျဉ်နေပြီဆို သွားအမြစ်ထိပါ ပိုးစားနေပြီဆိုတဲ့ လက္ခဏာပါ။ သွားကျိုးတာ၊ သွားကြွလွှောပါးနေတာကြောင့်လည်း သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။
၃ – သွားဖုံးသွေးယိုခြင်း – သွားဖုံးက သွေးတွေထွက်နေတယ်၊ သွားတိုက်တိုင်း သွားပွတ်တံကြီးက နီနေတယ် သွားဖုံးကိုထိလိုက်ရင်လည်း နာနေတယ်ဆိုရင် သွားဖုံးရောင်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဗီတာမင် စီ ချို့တဲ့တာကြောင့်လည်း သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။ စစ်ဆေးမှု မခံယူဘဲ ပေါ့ပေါဆဆထားတယ်ဆိုရင် နောက်ပိုင်း ရေစီးကမ်းပြိုဆိုတဲ့ သွားဖုံးရောဂါ အကြီးအကျယ်အဆင့်ထိ ရောက်သွားနိုင်ပါတယ်။
၄- ပါးစပ်အနာများ – ခံတွင်းထဲမှာ အနာတွေပေါက်နေတာ ၊အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့အနာတွေ ဖြစ်ဖူးကြမှာပါ။ တချို့က သူ့ဘာသာပြန်ပျောက်သွားတယ်ဆိုပေမယ့် ကိုယ်ထဲကို ဘက်တီးရီးယားပိုးဝင်တာ၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်တာ၊ ခုခံအားနည်းနေတာကြောင့်ဖြစ်တဲ့ အနာတွေဆို အချိန်အကြာကြီးရှိနေတတ်ပါတယ်။ သွားတု(စိုက်ထားတဲ့သွား၊ အံကပ် ၊သွားဖာထားခြင်း) တွေကြောင့်လည်း ဒီလို ပိုးဝင်ပြီး အနာပေါက်တာတွေ ဖြစ်နိုင်ပါသေးတယ်။ ခံတွင်းအနာဖြစ်တာ တော်တော်နဲ့မပျောက်လဲ ကြာနေပြီဆိုရင်တော့ ဆေးခန်းသွားပြဖို့လိုပါလိမ့်မယ်။
၅- ခံတွင်းနံ့ဆိုးခြင်း ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ ဆေးလိပ် သောက်တာကြောင့်၊ ဝမ်းချုပ်တာကြောင့် တခြားရောဂါတွေကြောင့် စတဲ့ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်ရတာပါ။ သွားမှန်မှန်တိုက်နေရက်နဲ့တောင် ခံတွင်းနံ့ဆိုးနေသေးတယ်ဆိုရင် နာတာရှည်သွားဖုံးရောဂါရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
၆ -သွားမှာ ပြဿနာပေါ်လာခြင်း – သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့ကလည်း ခံတွင်း ကျန်းမာရေး မကောင်းလို့ ဖြစ်ရတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သွားဖုံးတွေကျုံ့သွား၊ တိုသွားတာကြောင့် သွားရှည်ထွက်လာတာ ဖြစ်နိုင်ပါတယ်။ ဒီကနေ သွားကျွတ်တဲ့အဆင့်ကိုရောက်သွားရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီ ဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကိုထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ သူကနေ နောက်ဆက်တွဲ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားရောဂါတွေပါ ဆက်ဖြစ်လာနိုင်ပါတယ်။
၇ – သွားအရောင်ပြောင်းလာခြင်း – သွားဝါတာ၊ သွားမှာ ကွမ်းချိုးတွေကပ်နေပြီ သွားကမဲနေတာ၊ သွားအရောင်ညိုညစ်ညစ် ဖြစ်ရတယ်ဆိုတာ ကော်ဖီ၊လက်ဖက်ရည်သောက်တာများလို့၊ ကွမ်းစားလွန်းလို့၊ ဆေးလိပ်သောက်လို့၊ မျိုးရိုးက သွားဝါလို့၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ပဲစားစား နောက်ပိုင်း ခံတွင်းသန့်ရှင်းရေး ပြန်လုပ်ဖို့ အရေးကြီးတာပါ။ဒီလို အချက်ပြလက္ခဏာတွေဖြစ်လာရင် လူတွေက ဆေးသောက်လိုက်ဖို့၊ ဆေးခန်းသွားပြလိုက်ဖို့ကိုပဲ အာရုံထားကြပြီး အရေးကြီးဆုံးဖြစ်တဲ့ ခံတွင်းသန့်ရှင်းကို မေ့နေတတ်ကြပါတယ်။
ခံတွင်းကျန်းမာရေး ချို့ယွင်းကြောင့် ပြနေတဲ့ ဒီလက္ခဏာတွေရှိပြီဆိုတာနဲ့ မပေါ့ဆဘဲ သွားနဲ့ခံတွင်း ကျန်းမာရေးကို သေချာပြန်ဂရုစိုက်ပေးဖို့လိုတယ်နော်။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”