၇ သြဂုတ်

 

မြန်မာနိုင်ငံ၏  ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလမှာ ရှစ်နှစ်ကျော်၊ ကိုးနှစ်နီးပါးကာလသို့    ရောက်ရှိလာပြီဖြစ်သည်။   ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကမ္ဘာ့သမိုင်းမှတ်တမ်းများအရကြည့်မည်ဆိုလျှင် သက်တမ်းနုနယ်သေးသည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို အကြမ်းဖျင်းကြည့်မည်ဆိုလျှင်   အတော်အတန်  တိုးတက်မှုရှိသည်ဟု ဆိုနိုင်သော်လည်း ရင့်ကျက်ခိုင်မာမှုတွင် လိုအပ်မှုရှိနေသေးသည်။

 

မြန်မာနိုင်ငံသည်      ပြည်ထောင်စုနိုင်ငံတော်ဖြစ်၍      ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ထောင်မည်ဆိုသည့် မူဝါဒကိုချမှတ်ထားသည်။ ယင်းသန္နိဋ္ဌာန် အောင်မြင်စေရန်အတွက် မိမိတို့အားလုံး တက်ညီလက်ညီ၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၊ ဟန်ချက်ညီညီပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဩဂုတ်လ ၂ ရက်နေ့တွင် မန္တလေးကွန်ဗင်းရှင်းစင်တာ၌  လမ်းညွှန်မှာကြားထားသည်။

 

ဒီမိုကရေစီစနစ်သည် ပြည်သူများအားလုံး လိုလားနှစ်သက်သည့်လမ်းစဉ်ဖြစ်သည်။ ပြည်သူကိုဗဟိုပြုသည့်မူဝါဒဖြစ်၍ နှစ်သက်လက်ခံကြသည်။  ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုလည်း  ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြင့် အကောင်အထည်ဖော်နေပြီဖြစ်သည်။ သို့သော် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများစွာရှိနေသည်။ ပြည်သူများအနေဖြင့် စည်းကမ်းတကျ  ညီညီညွတ်ညွတ် ကူးပြောင်းမှအောင်မြင်မည်။  မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည်နှင့်  ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် ဆယ်နှစ်ကျော်ကာလအတွင်း ပြန်လည်ပျက်သုဉ်းသွားခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

 

၁၉၉၅ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်ကာလအတွင်း ကမ္ဘာပေါ်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းသည့် နိုင်ငံ  ၈၆  နိုင်ငံကိုလေ့လာကြည့်လျှင်  အကြိမ်ပေါင်း ၁၁၅ ကြိမ် ရှေ့တိုးနောက်ပြန်ဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်သည့်  အနောက်နိုင်ငံများမှ စံထားသော ဒီမိုကရေစီခိုင်မာသည့်အဆင့်ကို ရောက်ရှိသွားသော နိုင်ငံမှာ ၁၅ နိုင်ငံသာရှိသည်။  ဒေသအလိုက်ပြန်ကြည့်လျှင်  လက်တင်အမေရိကနိုင်ငံများ၌  ခိုင်မာသည့်ဒီမိုကရေစီစနစ်သို့  မည်သည့်နိုင်ငံမျှ မရောက်ရှိချေ။

 

ဆိုလိုသည်မှာ     သာမန်စနစ်သစ်ကို      ကူးပြောင်းရာတွင်ပင်မလွယ်ကူလှဘဲ နိုင်ငံတစ်ခုလုံး၏မူဝါဒစနစ် ကူးပြောင်းရာတွင် ပို၍အခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှုများများစွာရှိနေသည်ကို သိရှိနားလည်နိုင်ရန်ဖြစ်သည်။ ခိုင်မာသည့်အဆင့်သို့ရောက်ရှိနိုင်ရန်မှာ နှစ်ပေါင်း ၃၀၊ ၄၀ မျှ ကြာမြင့်တတ်သည်။ စစ်အေးလွန်ကာလ ဒီမိုကရေစီအသွင်ကူးပြောင်းသော နိုင်ငံများအနေဖြင့်   အသွင်ကူးပြောင်းမှုသံသရာတွင် ရှေ့တိုးလိုက်၊ နောက်ပြန်ဆုတ်လိုက်နှင့် တဝဲလည်လည် ဖြစ်နေကြသည်ကို သတိပြုရမည်ဖြစ်သည်။

 

၂၁  ရာစုကာလတွင်    မြန်မာနိုင်ငံအနေဖြင့်  ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ အကောင်အထည်ဖော်လာခဲ့ပြီး ယခုအခါ သက်တမ်းကိုးနှစ်ကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ထိုသို့အသွင်ကူးပြောင်းရာတွင်  အရပ်သားအစိုးရလက်ထက်  ၂၀၁၅  ခုနှစ်ရွေးကောက်ပွဲလွန်ကာလမှစ၍ စိန်ခေါ်မှုများကို ကြီးမားစွာကြုံတွေ့လာ ရသည်။ အဓိကမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်ပြဿနာအရေးကိစ္စများဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့်  မည်သို့ပင်အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာရှိသော်လည်း မူလသန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း ဒီမိုကရေစီခရီးလမ်းကို   အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်သည်။  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ကြိုးပမ်းသွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည်   နောက်ပြန်မလှည့်သည့်  ဒီမိုကရေစီဖြစ်ပြီး ပြည်သူလူထုအကျိုးစီးပွားများကို    အဆင့်ဆင့်ဖြည့်ဆည်းပေးရင်း ရင့်ကျက်ခိုင်မာသည့် ဒီမိုကရေစီစနစ်သို့ တက်လှမ်းနေပါကြောင်း။   ။

 

ကြေးမုံ