ရန်ကုန် မြို့မှာ နေထိုင်တဲ့ ကျူးကျော်တွေကို စနစ်တကျနဲ့ ပုံဖော်ပြီး အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ့် အစီအစဉ်တွေ စတင်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်၊ အစိုးရ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပူးပေါင်းပြီး လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။
''နေထိုင်စရာမရှိလို့ ကျူးကျော်ပြီး နေထိုင်သူတွေကို စနစ်တကျနဲ့ ပုံဖော်ပြီး မြေအကျယ်အဝန်း လေးဧက၊ ငါးဧက အတွင်းမှာ အိမ်ရာတွေစုဖွဲ့တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ အစုအဖွဲ့အသိုက်အဝန်းတစ်ခုအဖြစ် ပုံဖော်တည်ဆောက် ပေးသွားမှာပါ'' လို့ ဩဂုတ် ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီဒီယာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ တွေဟာ သိန်းနဲ့ချီရှိနေပါတယ်။ အဲဒီ ကျူးကျော်တွေဟာ အမှန်တကယ် နေထိုင်စရာအခက်အခဲရှိတဲ့လူတွေ ဖြစ်ပါတယ်။ ဒါကိုလည်း သေသေချာချာ စနစ်တကျ စိစစ်ပြီး အမှန်တကယ် နေထိုင်စရာအခက်အခဲရှိသူတွေကိုသာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီလိုနေထိုင်စရာအိမ်ရာတွေကို ဖော်ဆောင်တဲ့အခါ အကျယ်အဝန်း ၁၅ ပေ x ပေ ၃၀ ရှိပြီး အိပ်ခန်း၊ မီးဖိုခန်း၊ အိမ်သာ၊ ဧည့်ခန်းစတဲ့ အရာတွေ ပါဝင်မှာဖြစ်ပါတယ်။ အိမ်ထောင်စုနှစ်ခု အတွက် ၁၅ ပေ x ပေ ၃၀ အကျယ်နှစ်ခန်းတွဲ တန်ဖိုးနည်း အိမ်ရာလေးတွေကို ကျူးကျော်တွေအတွက် စီစဉ်ပေးမှာ ဖြစ်ပါတယ်။
နှစ်ခန်းတွဲတန်ဖိုးနည်းအိမ်ရာလေးတွေကို ကျူးကျော် မိသားစုတွေအတွက် ဖော်ဆောင်တဲ့အခါ အဲဒီမိသားစုတွေရဲ့ အမျိုးသမီးတွေအတွက် စိတ်ချလုံခြုံတဲ့နေထိုင်မှုဘဝကို ပိုင်ဆိုင် စေဖို့နဲ့ သင့်တင့်မျှတတဲ့ ငွေကြေးပေးရုံနဲ့ အိမ်ရာပိုင်ဆိုင် နေထိုင်ခွင့်ရရှိစေမှာဖြစ်ပါတယ်။ အဲဒီ ၁၅ ပေ x ပေ ၃၀ နှစ်ခန်းတွဲ အိမ်ရာလေးတွေအတွက် ငွေကျပ်သိန်း ၃၀ ခန့် ကုန်ကျနိုင်ဖို့ စီမံကိန်းရေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
တန်ဖိုးနည်း နှစ်ခန်းတွဲအိမ်ရာလေးတွေကိုလည်း အမျိုးသမီးအစုအဖွဲ့တွေ၊ အဆောက်အအုံ ဒီဇိုင်းပညာရှင်တွေ၊ ငွေကြေးခန့်မှန်းတွက်ချက်မှုတွေ၊ ငွေကြေးပေချေနိုင်မှုအနေ အထားတွေကို သေသေချာချာတွက်ချက် ဝိုင်းဝန်းအကြံပြုပြီး တော့မှ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ငွေကြေးကို အသေးစားချေးငွေနဲ့ နေထိုင်သူတွေကို ချေးသွားမှာ ဖြစ်ပြီး အဲဒီချေးငွေနဲ့ တည်ဆောက်ထားတဲ့ တန်ဖိုးနည်း အိမ်ရာတန်ဖိုးကိုတော့ လစဉ်အရစ်ကျ ပေးချေသွားရမှာ ဖြစ်ပါတယ်။
အဲဒီအိမ်ရာတွေကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းပြုလုပ်လို့မရအောင် စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အစိုးရက မြေစိုက်တဲ့ပုံစံနဲ့ တည်ဆောက်ပေးသွား မှာဖြစ်ပါတယ်။ မြေကတော့ အစိုးရပိုင်ဖြစ်တာမို့ အိမ်ရာတန်ဖိုးက မြေတန်ဖိုးမပါတာကြောင့် ဈေးနှုန်းသက်သာစွာနဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။
အိမ်ရာတွေကို ဖော်ဆောင်တဲ့အခါ မြေအကျယ်အဝန်း ဧက လေးဧက၊ ငါးဧက အစုအဖွဲ့ တစ်ခုစီမှာ အကောင်အထည် ဖော်မှာဖြစ်ပြီး အလုပ်အကိုင်ရှိတဲ့ ကျူးကျော်တွေအတွက် လေးထပ်၊ ငါးထပ်အမြင့်ရှိတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို ဓာတ်လှေကားမတပ်ဆင်ဘဲ တည်ဆောက်ပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဓာတ်လှေကား တပ်ဆင်ရင် ကုန်ကျစရိတ် ပိုမိုများပြားသွားနိုင်တာမို့ ကျူးကျော်တွေအတွက် ငွေကြေး အခက်အခဲ မဖြစ်ပေါ်အောင် စီစဉ်နေခြင်းဖြစ်ပါတယ်။
''မြေတန်ဖိုးမပါတော့တာမို့ အဲဒီတန်ဖိုးနည်း အိမ်ရာတိုက်ခန်းတွေ ဖော်ဆောင်သူတွေက ဘဏ်ချေးငွေနဲ့ တည်ဆောက်တဲ့အခါ အိမ်ရာတန်ဖိုးက သိသိသာသာ လျော့နည်းသွားစေတာ ဖြစ်ပါတယ်။ အိမ်ရာနေထိုင်သူတွေဘက်ကလည်း ၁၅ နှစ်ကြာ နှစ်ရှည်ပေးသွင်းနိုင်ကြတာဖြစ်လို့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး။ နေထိုင်သူ မိသားစုအနေနဲ့ တစ်လကို အိမ်ရာ အတွက် သွင်းငွေ ငွေကျပ် ၆၀ဝ၀ဝ ကနေပြီး တစ်သိန်းကြား ပေးသွင်းနိုင်ဖို့အတွက် စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။
အဲဒီလို နှစ်ခန်းတွဲတန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပြီးတဲ့အခါ အခန်းငှားသူတွေ၊ ဈေးရောင်းသူတွေ၊ အတိုးချစားသူတွေ စတဲ့သူ တွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို စနစ်တကျစိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ကျူးကျော်နေထိုင်သူတွေကို အရင် စမတ်ကတ်ထုတ်ပေးထားတာတွေရှိပြီး အဲဒီ စမတ်ကတ် ကိုင်ဆောင်ထားသူတွေကို ပြန်လည် စိစစ်ကာ နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော် အများဆုံးနေထိုင်တာက လှိုင်သာယာမြို့နယ် အတွင်းဖြစ်ပြီး ရွှေပြည်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေမှာလည်း ကျူးကျော် တွေရှိနေတာဖြစ်ပါတယ်။ အဲဒီကျူးကျော်တွေအတွက် အိမ်ရာစီမံကိန်းတွေ၊ တန်ဖိုးနည်းတိုက်ခန်းတွေမှာ နေထိုင်နိုင်ဖို့ဆိုတာ သူတို့လက်လှမ်းမီတဲ့ ငွေကြေးတန်ဖိုးပမာဏဖြစ်ဖို့တော့ လိုအပ်တာမို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အခုလို အစီ အစဉ်တွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
နေထိုင်ရေးအခက်အခဲရှိတဲ့ အမျိုးသမီးများနဲ့ မိသားစုဘဝကို မြှင့်တင်ပေးနိုင်သလို ကျူးကျော် တွေကိုလည်း တဖြည်းဖြည်း ရှင်းလင်းသွားစေဖို့အတွက် အခုလို တန်ဖိုးနည်းအိမ်ရာစီမံကိန်း တွေကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေခြင်း ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေတွေကို အကျိုးဖြစ်ထွန်းအောင် စီစဉ်ဆောင်ရွက်ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။ မြေတွေပေါ်မှာ နေထိုင်ခွင့် ရရှိပေမယ့် မြေပိုင်ဆိုင်ခွင့်တော့ ရရှိမှာ မဟုတ်ပါဘူး။
ဒီလိုတန်ဖိုးနည်းတိုက်ခန်းတွေ၊ တန်ဖိုးသင့် တိုက်ခန်းတွေကို လေးထပ်၊ ငါးထပ်အမြင့် တည် ဆောက်ပြီးရင် နေထိုင်စရာအခက်အခဲရှိတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက်လည်း အရစ်ကျစနစ်နဲ့ ဈေးနှုန်းသက်သာစွာ လစဉ်ပေးသွင်းငွေသက်သာစွာနဲ့ နေထိုင်နိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခန်းတွေကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံရဲ့ City Gallery မှာ ရောင်းချ ပေးသွားဖို့ စီစဉ်ထားပါတယ်။
နိုင်ငံတကာမြို့ကြီးတွေမှာလည်း ကျူးကျော်တွေကို ယခုလို အစီအစဉ်တွေနဲ့ ရှင်းလင်းဆောင်ရွက်ခဲ့တာမို့ ရန်ကုန်မှာလည်း လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေခြင်း ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တာတော့ အမှန်ပါပဲ။ ။
ဇင်လင်းမြင့်


