အာဖဂန်နစ္စတန်နိုင်ငံ၌ နောက်လတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို နှောက်ယှက်မည်ဖြစ်ကြောင်း အစိုးရဆန့်ကျင်ရေး စစ်သွေးကြွအုပ်စု တာလီဘန်အဖွဲ့က ကြေညာခဲ့သည်။

စက်တင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲကို တာလီဘန်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြစ်တင်ဝေဖန်လိုက်သည်။

နိုင်ငံခြားအဖွဲ့အစည်းများ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးသမားများက ၎င်းတို့၏ ကိုယ်ကျိုးအတွက် နောက်လတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများကို လှည့်စားရန်ကြိုးစားနေကြောင်း အဆိုပါ ရွေးကောက်ပွဲမှာ အတုအယောင်ရွေးကောက်ပွဲဖြစ်သည်ဟု တာလီဘန်အဖွဲ့က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းအားလုံး အသုံးပြု၍ရပ်တန့်ရန် တိုက်ခိုက်ရေးသမားများကို စုရုံးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်မှုများ မပြုလုပ်ရန် အဆိုပါ စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။ 

အာဖဂန်နစ္စတန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

သမ္မတ အာဆတ်ဂါနီ၊ ကာကွယ်ရေးဦးစီးချုပ် အကြံပေး အဗ္ဗဒူလာနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း  မိုဟာမက် ဟာနီအန်မာ အပါအဝင်  ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁၈ဦး နိုင်ငံတစ်ဝန်း မဲဆွယ်စည်းရုံးလျက်ရှိသည်။

 

mdn

 

မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့်လနောက်ပိုင်း တာလီဘန်များက အကြမ်းဖက် တိုက်ခိုက်မှုများကို တိုင်းပြည်နေရာရာအနှံ့အပြားတွင် ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ၂၈ရက်နေ့ကလည်း မြို့တော်ကဘူးလ်တွင် သမ္မတ ဂါနီ၏  ဒုတိယသမ္မတလောင်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သေးသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်