ဘီးလင်း ၇ သြဂုတ်
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၀၂၂ စင်တီမီတာရှိရာ ယနေ့နံနက် ၉ နာရီခွဲတိုင်းထွာချက်အရ ၁၀၃၅ စင်တီမီတာသို့ ရောက်ရှိလာပြီး စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ သြဂုတ် ၅ ရက်ကစပြီး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ခဲ့ရာ သြဂုတ် ၆ ရက် ညနေ ၅ နာရီတွင် ကယ်ဆယ်ရေး စခန်း ၂၈ ခုထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ဘီးလင်းမြို့နယ် မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းနှင့် ကျေးရွာအုပ်စုများရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူများကို သြဂုတ် ၅ ရက် ညနေမှ စ၍ အသံချဲ့စက်ဖြင့် လှည့်လည် သတိပေးကြေငြာပြီး သက်ဆိုင်ရာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ပေးထားပြီး ဖြစ်သည်။
ယခင်နှစ်အတွေ့အကြုံအရ ဘီးလင်းမြစ်ရေလျှံ၍ လမ်းပန်းသွားလာမှု ပြတ်တောက်ပြီး ရိက္ခာထောက် ပို့ဆောင်ရန် ခက်ခဲစွာပို့ဆောင်ခဲ့ရသည့် ရေဘေးရှောင်စခန်းဖွင့်ထားသော ကျေးရွာအုပ်စုကြီးများသို့ ဆန်၊ ဆီ၊ ဆား ၊ ရေသန့်၊ ငါးသေတ္တာ ရိက္ခာ(၆)မျိုး ကြိုတင်ပေးပို့ထားပြီးဖြစ်သည်။
မြို့ပေါ်ရပ်ကွက်နှင့် ဝန်းကျင်ရှိ ရေဘေးရှောင်စခန်းများသို့ (၃)ရက်စာ ရိက္ခာပံ့ပိုးထားပြီး လိုအပ်ချက်ပေါ်မူတည်၍ ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၆ ရက် နံနက် ၅ နာရီအထိ စာရင်းအရ ဖွင့်ထားသော ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၈)ခုတွင် လာရောက်ခိုလှုံသူ အိမ်ခြေ(၁၂၁၂)၊ အိမ်ထောင်စု(၁၂၂၂)၊ လူဦးရေ(၅၃၅၆)ဦး ရှိပြီး ဘီးလင်းမြစ်ရေနှင့် ဒုံသမိမြစ်ရေ ဝင်ရောက်မှုကြောင့် ဘီးလင်းမြို့နယ် အခြေခံပညာကျောင်း (၁၅) ကျောင်း ယာယီပိတ်ထားရကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ သိရသည်။
တောင်ကျရေများ တိုးဝင်တိုက်စားမှုကြောင့် ဘီးလင်းမြို့နယ် ရထားလမ်းပိုင်း နှင်းပုလဲနှင့် ဒုံဝန်းအကြားရှိ မိုင်တိုင်အမှတ် ၁၁၈/၂၃ မှ ၁၁၉/၄ အကြား တံတားနံပါတ် BR-72(A) ယာယီလမ်းလွှဲတာဘောင်မှာ ပြတ်ကျလုနီးပါဖြစ်နေပြီး အစုံအဆန်ရထားများ ဖြတ်သန်းရန်မသင့်သဖြင့် နှင်းပုလဲ - ဒုံဝန်းလမ်းပိုင်းအား သြဂုတ် ၆ ရက်ည (၈) နာရီမှစ၍ ခေတ္တယာယီ ပိတ်ခဲ့သည်။
လူဦးရေ (၂၂၀) တင်ဆောင်လာသော ရန်ကုန် မော်လမြိုင် (၁၅၇) အဆန်ရထားသည် ယနေ့ နံနက်(၁)နာရီတွင် နှင်းပုလဲဘူတာရောက်ရှိခဲ့ပြီး ခရီးသည်များ နှင်းပုလဲဘူတာမှ မော်လမြိုင်သို့ သွားရောက်နိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်လျှက်ရှိသည်။ ခရီးသည်များ လိုအပ်သော ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် နှင်းပုလဲဘူတာတွင် အရေးပေါ်ကား အဆင်သင့် ထားရှိပေးထားကြောင်း သိရသည်။ အလားတူ လူဦးရေ (၃၂၀) တင်ဆောင်လာသော ရန်ကုန် မော်လမြိုင် (၃၅) အဆန်ရထားသည် ယနေ့ နံနက် ၁ နာရီ ၅၅ မိနစ်တွင် တောင်စွန်းဘူတာ ရောက်ရှိပြီး တောင်စွန်းမှ မော်လမြိုင်သို့ ကားဖြင့်ပို့ဆောင်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
MDN


