ဘားအံ ၇ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် သြဂုတ် ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ရာ နေ့လည်ပိုင်းတွင် ရေဘေးစခန်း (၆)ခုမှ ညနေပိုင်းတွင် စခန်း (၁၀) ခု ထိရှိလာပြီး ရေဘေးသင့် အိမ်ထောင်စု (၁၀၆၀) စုရှိကြောင်း သိရသည်။
ဘားအံမြို့အနိမ့်ပိုင်းရပ်ကွက်များတွင် ရေလျှံမှုကြောင့် မိုးလုံလေလုံ အားကစားရုံ ရေဘေးစခန်းတွင် အိမ်ထောင်စု (၂၈၃)စု၊ ရွှေယဉ်မျှော်စခန်းတွင် အိမ်ထောင်စု (၂၆၁)စု၊ အစ္စလမ်ကျောင်း ရေဘေးစခန်းတွင် အိမ်ထောင်စု (၉၁) စု၊ အောင်သံလွင်အားကစားကွင်းတွင် အိမ်ထောင်စု (၉၄) စု၊ အလက (၆) ကျောင်းတွင် အိမ်ထောင်စု (၁၇၀) စု၊ အထက (၃) ရေဘေးစခန်းတွင် အိမ်ထောင်စု (၄၇) စု၊ အမက (၁၁) ကျောင်း ရေဘေးစခန်းတွင် (၄) စု၊ Cyclone Shelterတွင် အိမ်ထောင်စု (၅၉) စု၊ အမက (၅) ရေဘေးစခန်းတွင် (၃၇) စု၊ ဓမ္မပီယရေဘေး စခန်းတွင် (၁၄) စု စုစုပေါင်းအိမ်ထောင်စု (၁၀၆၀) စုနှင့် လူဦးရေ (၅၃၂၀) ဦးခန့်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူ မိသားစုဝင်များအား ရေဘေးစခန်းသို့ အဆင်ပြေစွာ ရောက်ရှိရေးအတွက် ခရိုင်၊ မြို့နယ် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီ ပြောင်းရွှေ့ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


