မိုးညှင်း ၇ သြဂုတ် 


ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း မိုးညှင်း၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ်များရှိ ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ ၇၇၅ ဦးထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ - ၇ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ နမီးစုရပ်ကွက်ရှိ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်ခဲ့သည်။  


အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက အမှာစကား ပြောကြားပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းလွင်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ -၇ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တစ်ပြည်နယ်လုံး အတိုင်းအတာအရ တောင်သူပေါင်း ၃၄၀၆၇ ဦး၏ ဧက ၃၀၃၁၉၅ ကို ပုံစံ-၇ ထုတ်ပေးနိုင်ရေးအတွက် လျာထားဆောင်ရွက်ပေးနေကြောင်းနှင့် ယခုနှစ် ဧပြီလကုန်အထိ တောင်သူပေါင်း ၁၅၈၅၅ ဦး၏ ဧက ၂၅၀ဝ၀ ကျော်ကို ပုံစံ-၇ များထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

   
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကွင်းပေါင်း ၉၄ ကွင်းမှ တောင်သူ ၇၇၅ ဦး၊ ဦးပိုင်ပေါင်း ၈၁၂ ခု ဧက  ၈၅၅၂ ဒသမ ၄၃ ဧကကို သက်ဆိုင်ရာ တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ကျော်ကျော်ထွေး(မိုးညှင်း)

 

1