မန္တလေး ၇ သြဂုတ်
မန္တလေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးဟောင်း အတွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပါတီတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (CSO) များ တက်ရောက်ခဲ့သည်။
"အဓိကကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ဖို့ အတွက်ပေါ့။ မှန်ဖို့အတွက်ကလဲ ပြည်သူလူထု ပါဝင်ပတ်သက်မှု လိုပါတယ်။ ပြည်သူလူထုပါဝင်ပတ်သက်ရင် အကောင်းဆုံးပေါ့။ နောက်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ပတ်သတ်သူတွေ ဘာအခက်ရှိသလဲ ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေ ဆွေးနွေးတဲ့သဘောပါ" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ကပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်တို့တွင်ရှိသော နိုင်ငံရေးပါတီ ၂၀ တို့နှင့် မန္တလေးခရိုင် အတွင်းမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
"ပြည်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် ပြည်သူလူထုနဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာတွေ နောက်ပြီး ပြည်သူလူထု ပါဝင်ပတ်သက်မှု မြင့်တက်လာဖို့အတွက် ဒါတွေ အဓိက ဆွေးနွေးတာပေါ့" ဟု ၎င်းက ဆက်ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၂ ) အချက် ၁၁ ချမှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများတွေ့ဆုံ ဆွေးနွေးပွဲကို တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ လုပ်ဆောင်ပြီးစီးခဲ့ပြီး ယခု မန္တလေးတိုင်းဒေသကြီးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။
သူရိန်လင်း


