လွိုင်လင်   ၇   ဩဂုတ်          


မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းခွဲ (MAPAL) လွွိုင်လင် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထွေထွေရောဂါကုဆေးရုံကြီး ဇီဝကခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။


လွိုင်လင်မြို့နယ် အနာကြီးရောဂါ ဖြစ်ပွားသူများအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများအား ကူညီထောက်ပံ့ပေးနိုင်စေရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော လူမှုရေးအသင်းတစ်သင်းဖြစ်သည့် မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများအသင်း ( Myanmar Association of Person Affected by Leprosy) (MAPAL) အသင်းခွဲ လွိုင်လင်ကို မိတ်ဆက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 


အခမ်းအနားတွင် လွိုင်လင်ခရိုင် ဆေးရုံအုပ်ကြီးဒေါက်တာဇေယျမှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဒေါက်တာဇော်လင်း က ကမ္ဘာပေါ်တွင် အနာကြီးရောဂါအဖြစ်များသည့် နိုင်ငံပေါင်း (၂၂) နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် (၁၄) နေရာတွင်ရှိကြောင်း၊ နှစ်စဉ် လူနာအသစ် ၃၀၀၀ ကျော်ရှိကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများ အသင်းခွဲ(MAPAL) ဉက္ကဌနှင့်အတွင်းရေးမှူးတို့က အသင်း၏လုပ်ငန်းစဉ်၊ ဆောင်ရွက်ရသည့်လုပ်ငန်း၊ လူမှုရေးအသင်းအဖွဲများ၊ အရပ်ဘက်အဖွဲ့အစည်းများနှှင့် ပူးပေါင်းဆောက်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။


အခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။


မိုးလွင်ဦး(လွိုင်လင်)