မန္တလေး ၇ သြဂုတ်
မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ခွင့် အသေးစားနှင့် လက်လုပ်လက်စားများ လုပ်ကိုင်နိုင်ရန်အတွက် နေရာသုံးနေရာ သတ်မှတ်ထားကြောင်း မန္တလေးတိုင်း သတ္ထုတွင်းဦးစီးဌာနမှ သိရသည်။
ကျောက်မျက်တူးဖော်ခွင့် နေရာသုံးနေရာမှာ တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိမည်ဖြစ်ပြီး လုပ်ပိုင်ခွင့် နေရာချထားပေးမှုကို တိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်ရကာ အခွန်ကိုလည်း တိုင်းဒေသကြီးအစိုးရက ရရှိမည်ဖြစ်သည်။
"လုပ်ကွက် ဧရိယာသုံးခု သတ်မှတ်လိုက်တဲ့ထဲမှာ တချို့နေရာတွေက လူနေအိမ်၊ ကျေးရွာနဲ့ ယာခင်းတွေ ပါနေတယ်။ ပထမအဆင့်အဖြစ် လုပ်ကွက် ဧရိယာသတ်မှတ်ပြီးသွားပြီ။ သတ်မှတ်ထားတဲ့ ဧရိယာကိုလည်း တိုင်းဒေသကြီးအစိုးရက ဧရိယာ ခွဲခြားသတ်မှတ်ပေးတယ်။ ဒီကဏ္ဍကိုလည်း ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချပေးတော့မှာပါ။ လက်ရှိက ခွင့်ပြုနိုင်ဖို့အတွက် ကျောက်မျက်နည်းဥပဒေထွက်ရှိမှ ခွင့်ပြုဖို့ ညွှန်ကြားထားတော့ နည်းဥပဒေထွက်ရှိရင် ခွင့်ပြုမှာပါ" ဟု အဆိုပါ ဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေက ပြောသည်။
လက်လုပ်လက်စားနှင့် အသေးစားကျောက်မျက် တူးဖော်ခွင့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးပါဝင်ကာ လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့များ ဖွဲ့စည်း၍ နေရာချထားပေးမည် ဖြစ်သည်။
"သူတို့ သတ်မှတ်ပေးလိုက်တဲ့ နေရာတွေကလည်း ကျောက်တူးလို့ရတဲ့မြေက ဆယ်ရာခိုင်နှုန်းလောက် တောင်မရှိဘူး။ မိုးကုတ်ဆိုတာမှန်ပေမဲ့ နေရာတိုင်းက ကျောက်မထွက်ဘူး။ ထွက်နှုန်းရှားပါးတာပေါ့။ သတ်မှတ်ပေးတဲ့ နေရာတွေကို လုပ်ငန်းရှင်တွေ ပေးကြည့် ဘယ်သူမှ မတူးဘူး” ဟု မိုးကုတ် ကျောက်မျက်ရတနာ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးစိုးမြင့်ကပြောသည်။
ကျောက်မျက်တူးဖော်ရန် ဇုန်သုံးခု အကျယ်အဝန်းမှာ ဧက ၈ သောင်းခန့်ရှိမည်ဖြစ်ပြီး အသေးစားအတွက် သုံးဧက ထက်မပိုသော အကျယ်အဝန်းဖြင့် သက်တမ်း ၂ နှစ်၊ လက်လုပ်လက်စားအား တစ်ဧက ထက်မပိုသော အကျယ်အဝန်းဖြင့် သက်တမ်း တစ်နှစ် ခွင့်ပြုပေးမည်ဖြစ်သည်။
လက်ရှိ အဆိုပါလုပ်ကွက်များ နေရာချထားပေးမှုကို ကျောက်မျက်နည်းဥပဒေ ထွက်ရှိပါက လုပ်ဆောင်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှလည်း နည်းဥပဒေထွက်ရှိရန် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် မိုးကုတ်မြို့၌ ကျောက်အရောင်းအဝယ်နှင့် ဈေးကွက်ပြန်လည် ကောင်းမွန်လာရေးအတွက် အရည်အသွေးကောင်းမွန်သည့် ကျောက်ကောင်းများရရှိရန် လိုအပ်နေပြီး ကျောက်ကောင်းများရရှိရန် ဒေသခံများအား တစ်နိုင်တစ်ပိုင် လုပ်ကွက်များ ချထားပေးမှုတွင် မူတည်နေကြောင်း မိုးကုတ်ဒေသခံများက ဆိုသည်။
သူရိန်လင်း


