ကသာ ၇ သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကသာမြို့နယ် အတွင်းရှိ စာသင်ကျောင်းများသို့ ခြင်စားငါးလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကသာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1

 


အခမ်းအနာတွင် ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကား ပြောကြားပြီး ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်က “သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ကျောင်းများတွင်ရှိသော ရေကန်များတွင် ခြင်စားငါးများ စိုက်ထည့်ပေးရခြင်းဖြစ်ပါကြောင်း၊ ခြင်စားငါးများ စိုက်ထည့်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ  ပေါက်ဖွားစေတဲ့ ပိုးလောက်လန်း လျော့ကျသွားစေမှာ ဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒီလိုရာသီချိန်တွင်  ကျောင်းတွေမှာ ခြင်စားငါးများကို အစဉ်တစ်စိုက် စိုက်ထည့်ပေးလျက်ရှိကြောင်း’’ပြောကြားသည်။


ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ရေကန်များသို့ ခြင်စားငါး အကောင်ရေ (၃၆၀ဝ) အား တာဝန်ရှိသူများ အသီးသီးမှ စိုက်ထည့်ပေးခဲ့သည်။ ကသာမြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင်လည်း ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ခြင်စားငါးများကို ဆက်လက်စိုက်ထည့် ပေးမည်ဖြစ်ကြောင်း သိရသည်။


ဟန်မျိုးကျော်(ကသာ)