ပုသိမ်  ၇  ဩဂုတ် 


ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းအုပ်စုရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မြေယာလျော်ကြေး၊ နစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကဝဲညောင်ချောင်းအုပ်စု လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ မြေယာလျော်ကြေး/ နစ်နာကြေးလက်ခံမည့် တောင်သူများနှင့် မိသားစုဝင်များတက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများအတွက် ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြေ/စစ်ကော်မတီ အဆင့်ဆင့်တို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ 


ယင်းနောက် ၁၉၈၉-၁၉၉၀ ခုနှစ်ခန့်တွင် ပညာရေးဝန်ကြီးဌာနမှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့သော မြေယာများတွင် တောင်သူ (၁၈) ဦး၏ လုပ်ပိုင်ခွင့်ရသော လယ်မြေဧရိယာ (၅၄.၆၉) ဧက ပါဝင်ခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်သို့ တင်ပြခဲ့မှုအပေါ် ကော်မတီ အဆင့်ဆင့်တို့မှ ဗဟိုမြေစစ်ကော်မတီ၏ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ သိမ်းဆည်းမြေ (၅၄.၆၉) ဧကအနက် (၅၁.၆၇) ဧကအတွက် မြေယာလျော်ကြေး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ကျန်ရှိသော (၃.ဝ၂)ဧကကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပြန်လည်စွန့်လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် မူလတောင်သူ (၁၈) ဦးသို့ လျော်ကြေးငွေ ကျပ် (၁၀၃၃၄၀ဝ၀ဝ ) (ကျပ်တစ်ထောင့်သုံးဆယ့်သုံးသိန်း လေးသောင်းတိတိ) အား ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးတို့မှ သိမ်းဆည်းခံ တောင်သူများအား မြေယာလျော်ကြေး/နစ်နာကြေးငွေများအား အသီးသီးပေးအပ်ခဲ့သည်။ မြေယာလျော်ကြေးနှင့် နစ်နာကြေးငွေ လက်ခံရရှိသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


မောင်မောင်မြင့်(ပြန် /ဆက်)