ကော့ကရိတ် ၇ ဩဂုတ်
ကော့ကရိတ်မြို့တွင် ဩဂုတ် (၃) ရက်နှင့် (၄)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ၍ နေအိမ်အချို့ ပျက်စီးခဲ့သည့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါထောက်ပံ့ပေးမှုတွင် ကော့ကရိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လေဘေးသင့်ခဲ့သည့် အမှတ်(၁)ရပ်ကွက်၊ ငှက်ပျောတောကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် တောင်ကမ္မရိုက်ကျေးရွာတို့ရှိ လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၄၀ဝ၀ဝ၀)၊ အိမ်ထောင်စု(၄)စုမှ မိသားစုဝင်များအတွက် ဆန်ရိက္ခာ(၇)ရက်စာ ကျပ် (၅၆၇၀ဝ) ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


