တာချီလိတ် ၇ ဩဂုတ် 


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တောင်ပေါ်ကျေးရွာအချို့တွင် ယခင်ရက်များက ဝက်များရောဂါကျရောက်ပြီး သေဆုံးလျက်ရှိရာ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ အမှာစကား ပြောကြားရာတွင် ယခင်နေ့ရက်များက ဝက်များရောဂါဖြစ်ပြီး သေဆုံးခဲ့ကြရာ သက်ဆိုင်ရာသို့ လာရောက်သတင်းပို့မှု မရှိဘဲ ချောင်းထဲတွင် စွန့်ပစ်ခဲ့ကြကြောင်း၊ မြေမြုပ်ရန်လိုအပ်ကြောင်း၊ နောင်ဆက်လက်၍ ဝက်ရောဂါများ ဖြစ်ပေါ်လာခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌနမှ ဦးစီးမှူးဒေါက်တာ ကျော်ကျော်စိုးက ဝက်များနှင့်ပတ်သက်၍ ဖြစ်ပေါ်တတ်သောရောဂါများ၊ ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ရောဂါဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး အမြန်ဆုံးလာရောက် သတင်းပို့ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အသိပညာပေးအခမ်းအနားသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ရပ်ကွက်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မွေးမြူရေးလုပ်ငန်းရှင်များ သားသတ်လုပ်ငန်းလိုင်စင် ရယူထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ခရိုင်(ပြန်/ဆက်)