မန္တလေး ၇ သြဂုတ်


မန္တလေးမြို့တွင် ပထမဆုံးကျင်းပမည့် အာဆီယံ အစားအစာ ပွဲတော်တွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အစားစာများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။


မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပတော့မည့် အာဆီယံ အစားအစာပွဲတော် ၂၀၁၉ (ASEAN Food Festival -2019) တွင် အာဆီယံနိုင်ငံများအပြင် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့က အစားစာများ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ 


"အာဆီယံ နိုင်ငံတွေထဲက တချို့နိုင်ငံတွေက မပါတာလည်း ရှိတယ်။ အာဆီယံ plus နိုင်ငံတွေလည်း ပါဝင်ပြသသွားမှာပါ" ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အေးဟန် က ပြောသည်။
 

အာဆီယံ အစားအစာများနှင့် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာ ဧည့်သည်များ ပိုမိုသိရှိပြီး နိုင်ငံတကာသို့ ပျံ့နှံ့စေရန်နှင့် ဆက်လက် ထိန်းသိမ်းနိုင်စေရန်၊ အာဆီယံ အစားအစာများကို မြန်မာ့လူမျိုးများနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိလည်ပတ်နေသော နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေဖြင့် ခံစားနိုင်စေရန် Green Season ကာလအတွင်း ခရီးသွားကဏ္ဍမြှင့် တင်ရေးလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


အဆိုပါပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာများ၊ ဒေသအလိုက်ရိုးရာအစားအစာ၊ ဒေသထွက်အစားအစာများ တည်ခင်းပြသ ရောင်းချမည့်  ဆိုင်ခန်းပေါင်း ၁၁၀ ကျော် ပါဝင်သွားမည်ဟု သိရသည်။


ASEAN Food Festival 2019 တွင် စင်ကာပူ၊ ဖိလစ်ပိုင်၊  လာအို၊  ဗီယက်နမ်၊ ထိုင်း၊  မလေးရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံတို့မှ ပြခန်းများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမှတ်တရ အရောင်းဆိုင်ပစ္စည်းဆိုင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစာဖိုးမှူးများအသင်း၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံလက်ဖက်အသင်း၊ Food & Hotel Myanmar တို့မှ ပြခန်းများ၊ ပြပွဲဖြစ်မြောက်ရေးပံ့ပိုးသူများမှ ပြခန်းများပါဝင်ပြသွားမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မည် ဖြစ်သည်။ 


Myanmar Bartender Association၊ Barista Association Myanmar ၏ ကော်ဖီဖျော်နည်းများ သရုပ်ပြခြင်း၊ ဒေါင်းလန်းကြီးဖြင့် မြန်မာ့ရိုးရာထမင်းဝိုင်းဖြင့် တည်ခင်းဧည့်ခံစားသုံးခြင်းများကိုပါ သရုပ်ဖော်ပြသခြင်း၊ အာဆီယံအစားအစာနှင့် မြန်မာ့ရိုးရာ အစားအစာ ချက်ပြုတ်နည်း သရုပ်ပြအစီအစဉ်များလဲ ပါဝင်သွားမည်။


၂၀၁၉ (ASEAN Food Festval-2019) ကို လာမည့် သြဂုတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် မန္တလေးကွန်းဗန်းရှင်း စင်တာတွင် ကျင်းပသွားမည်ဖြစ်သည်။ 


အိမို့မို့ခိုင်