နေပြည်တော် ၇ ဩဂုတ်
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ ကလေးအသက်ကယ်ထိုင်ခုံ ခါးပတ် အသုံးပြုရေး အများပြည်သူသို့နှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ-
ကလေးအသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုရေး အများပြည်သူသို့နှိုးဆော်ချက်
မြန်မာနိုင်ငံအတွင်း ပြည်သူများ မော်တော်ယာဉ်စီးနင်း အသုံးပြုသွားလာမှု မြင့်တက်လာသော်လည်း အတူလိုက်ပါသည့် အသက်(၁၀) နှစ်အောက်ကလေးငယ်များအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကလေးအသက်ကယ်ထိုင်ခုံ ခါးပတ် (Child Safety Seats/ Child Restraints) အသုံးပြုမှု နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။ အသက်(၂)နှစ်အောက် ကလေးငယ်များအား လူကြီးတစ်ဦးဦးက ရင်ခွင်ပိုက်စီးနင်းခြင်း၊ အသက်(၂) နှစ်မှ (၁၀) နှစ်ကြားရှိ ကလေးငယ်များအား လူကြီးအသက်ကယ်ထိုင်ခုံခါးပတ်များကို ဝတ်ဆင်အသုံးပြုခြင်း (သို့မဟုတ်) အသက်ကယ်ထိုင်ခုံခါးပတ် လုံးဝအသုံးမပြုဘဲ လိုက်ပါခြင်းတို့ဖြင့် ခရီးသွားလာလျက်ရှိကြပါသည်။
မော်တော်ယာဉ်ဖြင့် ခရီးသွားလာစဉ်အတွင်းအသက် (၁၀) နှစ်အောက် ကလေးငယ်များကို ရင်ခွင်ပိုက်ထားခြင်း၊ ကလေး၏ ကိုယ်ခန္ဓာအရွယ်အစားနှင့် မကိုက်ညီသော အသက်ကယ်ထိုင်ခုံ ခါးပတ်များကို အသုံးပြုစေခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုနှင့် တိမ်းမှောက်မှုဖြစ်စဉ်များ၌ ရင်ခွင်မှလွတ်ထွက်ခြင်း၊ ထိုင်ခုံမှလွင့်စင်ခြင်းဖြင့် ကလေးငယ်များ အသက်ဆုံးရှုံးမှုနှင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုတို့ တွေ့ကြုံရနိုင်ပါသည်။
နိုင်ငံတကာတွင် ကလေးငယ်များ၏ အသက်အရွယ်နှင့် အရပ်အမြင့်အလိုက် ထုတ်လုပ်ထားသည့် ကလေးအသက်ကယ်ထိုင်ခုံခါးပတ် (Child Safety Seats/ Child Restraints) များကို နည်းစနစ်မှန်ကန်စွာ အသုံးပြုလျက် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များတွင် ကလေးငယ်များ အသက်ဆုံးရှုံးမှုနှင့် ပြင်းထန်စွာ ထိခိုက်မှုမရှိရအောင် ကာကွယ်စောင့်ရှောက်လျက် ရှိကြသည်။ အသက်အရွယ်နှင့်လျော်ညီသော ကလေးအသက်ကယ် ထိုင်ခုံခါးပတ်ကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် ယာဉ်တိုက်မှုဖြစ်စဉ်များအတွင်း ကလေးငယ် (၁၀ဝ) ဦးလျှင် (၇၀) ဦးအား အသက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သုတေသနတွေ့ရှိချက်များ၌ လေ့လာတွေ့ရှိရပါသည်။
လက်ရှိပြင်ဆင်ရေးဆွဲပြီး အတည်ပြုပြဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ (မူကြမ်း) ၌ ‘မည်သူမျှ သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါရှိသောအသက် ၁၀ နှစ်အောက် ကလေးငယ်များအား ကလေးအသက်ကယ်ထိုင်ခုံကို အသုံးမပြုဘဲ စီးနင်းစေခြင်း မပြုရ’ဟူ၍ ထည့်သွင်းရေးဆွဲထားပြီး နည်းဥပဒေများတွင်လည်း ကလေးအသက်ကယ် ထိုင်ခုံခါးပတ်အသုံးပြုခြင်းဆိုင်ရာများကို ထည့်သွင်းပြဌာန်းသွားမည် ဖြစ်သည်။
သို့ပါ၍ မော်တော်ယာဉ်စီးနင်း အသုံးပြုစဉ်အတွင်း မိမိတို့၏ရင်သွေးကလေးငယ်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လသားအရွယ်မှ အသက် (၁၀) နှစ်အထိ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအလိုက် ထုတ်လုပ်ထားသော ကလေးအသက်ကယ်ထိုင်ခုံ ခါးပတ်များကို အသုံးပြုကြပါရန်နှင့် နောင်တွင် သက်ဆိုင်ရာဥပဒေ/ နည်းဥပဒေများနှင့်အညီ ဖြစ်စေရေး ကြိုတင်လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
သတင်းစဉ်


