နေပြည်တော် ၇ သြဂုတ်


နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏  RC နှစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပသည်။


အစီအစဉ်အရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ကျောင်းဆောင်သစ်ကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခု ကျောင်းဆောင်သစ်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရန်အတွက် ကျောင်းရှိရေး၊ ဆရာ ဆရာမရရှိရေး၊ ဘေးကင်းလုံခြုံစိတ်ချရပြီး ကလေးပျော်သည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်သော စာသင်ခန်းများရရှိရေးလိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာရည်တိုးတက်မြင့်မားရေးအတွက် မိဘများအနေဖြင့် ဆရာဆရာမများ၊ ကျောင်းအုပ်များနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့ကလေး၏ ပညာရေးအခြေအနေကို သိရှိအောင် ကြိုးစားပြီး ပိုမိုထူးချွန်တိုးတက်လာအောင် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ ပညာရေးမိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များအားလုံးနှင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောပိုးအိတ်(၁၀ဝ)ကို ပေးအပ်လှူဒါန်းရာ GRADE-6 ကျောင်းသားကျောင်းသူလေးများက လက်ခံရယူကြသည်။


ဆက်လက်၍ လင်းရာဇာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင့်လွင်ဦးက ကျောင်းဆောင်သစ်ကို လွှဲပြောင်းပေးအပ်၍ စာရေးခုံအစုံ(၂၀ဝ)အတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်ယုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။ 


သတင်းစဉ်