ဟားခါး ၇ သြဂုတ်
ချင်းပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုများကြောင့် ယနေ့နံနက်ပိုင်းက ကလေး−ဖလမ်း− ဟားခါးလမ်းပိုင်းနှင့် မုံရွာ−ပုလဲ−ဂန့်ဂေါ−ဟားခါးလမ်းရှိ နေရာအချို့တွင် မြေပြုခြင်း၊ တောင်ပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေပြိုကျမှု ဖြစ်ပွားသည့် နေရာများမှာ ယနေ့ နံနက် ၄ နာရီခန့်က ကလေး−ဖလမ်း− ဟားခါးလမ်းပိုင်း ကီလိုမီတာ (၁၇၀−၁၇၁)ကြားတွင် အလျား ၂၀ မီတာခန့်၊ ကီလိုမီတာ (၁၈၀−၁၈၁)ကြားတွင် အလျား ၁၅ မီတာခန့်၊ ကီလိုမီတာ (၁၈၁−၁၈၂) ကြားတွင် အလျား ၁၅ မီတာခန့်နှင့် နံနက် ၇ နာရီခွဲတွင် မုံရွာ−ပုလဲ−ဂန့်ဂေါ−ဟားခါးလမ်း ကီလိုမီတာ (၃၀၆−၃၀၇)ကြားတွင် အလျား ၄၀ မီတာခန့်၊ ကီလိုမီတာ (၂၈၉−၂၉၀) ကြားတွင် အလျား ၁၀ မီတာခန့်တို့တွင် မြေပြိုခြင်း၊ တောင်ပြိုခြင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြေပြိုမှု ဖြစ်ပွားရာနေရာများသို့ မြို့နယ်လမ်းဉီးစီးဌာနမှ ယာဉ်လမ်းပိတ်ဆို့မှု မဖြစ်စေရေး စက်ကြီးများ အသုံးပြုလျက် လူအား၊ စက်အားဖြင့် ဖယ်ရှားဆောင်ရွက်လျက်ရှိပြီး ကလေး−ဖလမ်း−ဟားခါး လမ်းပိုင်းကို နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း၊ မုံရွာ−ပုလဲ− ဂန့်ဂေါ−ဟားခါးလမ်းပိုင်းကို နံနက် ၁၀ နာရီအချိန်တွင် လည်းကောင်း ဖွင့်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော တောင်ပြိုမြေများကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း မြို့နယ် လမ်းဉီးစီးဌာနမှ သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့ မိုးရေချိန် ၇၂ မီလီမီတာ ၂ ဒသမ ၈၃ လက်မ ရွာသွန်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၇ ရက်အထိ မိုးရွာသွန်းသည့် ရက်ပေါင်း ၆၄ ရက်ရှိခဲ့ကာ မိုးရေချိန်စုစုပေါင်း ၇၆၆ မီလီမီတာ ၃၀ ဒသမ ၁၅ လက်မ ရှိကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဉီးစီးဌာနရုံးမှ သိရသည်။
လက်ရှိဖြစ်ပွားနေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ပေါ်တွင် မြေပြိုမှုများ ဖြစ်နိုင်ခြင်း၊ လမ်းပိတ်ဆို့နေမှုများ ဖြစ်နိုင်ခြင်းတို့ကြောင့် အန္တရာယ်မရှိစေရေး ယာဉ်မောင်းများ သတိထား မောင်းနှင်နေကြရကြောင်း၊ ဟားခါး−မန္တလေးနှင့် ဟားခါး−ကလေးမြို့များသို့ ပြေးဆွဲမောင်းနှင်နေသော ယာဉ်မောင်း ဉီးနိုင်အောင်ထံက ပြောသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


