ကော့သောင်း ၇ သြဂုတ်
ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၆ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၆၉ ဦးကို ယနေ့ ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက်ပြန်လည်လွှဲပြောင်းပေးအပ်ရာ ဒေသတာဝန်ရှိ အဖွဲ့အစည်းများက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထား မဲ့နေထိုင်ခြင်း တို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
လာရောက်လွှဲပြောင်းပေးသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


