ဗြိတိသျှကိုလိုနီလက်အောက်၊ ဖက်ဆစ်ဂျပန်လက်အောက်တို့တွင် သူ့ကျွန်ဘဝရောက်ခဲ့ရသော မြန်မာနိုင်ငံသည် လက်နက်ကိုင် တော်လှန်ရေးဥပဒေတွင်း တိုက်ပွဲအဆင့်ဆင့်တို့ကို ဖြတ်သန်းပြီး ၁၉၄၈ တွင် လွတ်လပ်သော နိုင်ငံတော်အဖြစ် ရောက်ခဲ့သည်။ စစ်ဘေးစစ်ဒဏ် နှစ်ကြာရှည်ခံခဲ့ရသော လွတ်လပ်ရေးရခါနီးကာမှ အမျိုးသားခေါင်းဆောင်ကြီးများကို လက်လွတ်ဆုံးရှုံး ခဲ့ရသော မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ထူထောင်ရင်း ကိုယ့်မင်းကိုယ့်ချင်း အမှီခိုကင်းသည့် လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ရသည်။
ချွတ်ခြုံကျနိုင်ငံအဖြစ်မှ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံအဖြစ်သို့ အားထုတ်ရင်း နိုင်ငံတကာအလယ်တွင် အတော်အသင့် ထွန်းကားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ခေါင်းဆောင်မှုပေးနိုင်သော နိုင်ငံတစ်ခု အဖြစ်သို့ပင် ရောက်ခဲ့သည်ဟု ဆိုက မှားအံ့မထင်။
နိုင်ငံတကာနှင့် သက်ဆိုင်သော အကြောင်းကိစ္စများတွင် မြန်မာနိုင်ငံ၏ သဘောထားနှင့် အမြင်တို့က အရေးတယူ နားထောင်စရာ ဖြစ်ခဲသည်။ တိုးတက်ထွန်းကားပုံ၊ ပညာရေးစနစ် ထင်ရှားပုံတို့မှာလည်း အာရှတစ်လွှားစံပြုစရာဖြစ်ခဲ့ပါသည်။
သည်လို အရှိန်ယူနေချိန်တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုဖြစ်ပွားပြီး ပါလီမန် ဒီမိုကရေစီစနစ် ရပ်ဆိုင်းသွားခဲ့ရသည်။ ပြည်သူတို့ကြားတွင်လည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးတို့ တဖြည်းဖြည်းချင်း ဆုတ်ယုတ်လျော့ပါးကာ ဒီမိုကရေစီ မှောင်ကြီးကျမှု ဖြစ်ခဲ့ရသည်။
ပြည်သူတို့မှာ မိမိတို့အယူအဆ၊ သဘောထား၊ အတွေးအမြင်တို့က ထုတ်ဖော်ခွင့်မရခဲ့ရုံမျှမက ထုတ်ဖော်သည်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးခြင်းဟူသော ထိန်းကွပ်မှုကြီးက ကျပ်တည်းချုပ်နှောင်လွန်းခဲ့သည်။
သည်ကဲ့သို့ လူထု၏ ဒီမိုကရေစီကို ပိန်းပိန်းပိတ်အမှောင်ချထားပြီး အာဏာရှင်တို့၏ ကြီးပွားချမ်းသာမှု၊ ဩဇာအာဏာ ကြီးမားမှုတို့က အတိုင်းအဆမရှိ ဖြစ်လာခဲ့သည်။
ပြည်သူလူထုမှာ ဆင်းရဲမွဲတေမှု ဒဏ်ကတစ်မျိုး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖိနှိပ်ချိုးနှိမ်မှုက တစ်ဖုံ၊ အာဏာရှင်တို့၏ အခွင့်ထူးခံ၊ စည်းစိမ်ခံမှုတို့က တစ်နည်းဖြင့် အထွေထွေ မကျေနပ်မှုများက တစ်စထက်တစ်စ ကုန်းရုန်းထလာသည်။
ပြည်သူလူထု၏ ဘဝသည် ရှင်လျက်နှင့် သေသူများကဲ့သို့ ဖြစ်လာသည်။ စစ်ကြောရေးစခန်းများ၊ ရေကြည်အိုင်၊ အင်းစိန်ထောင် စသည်တို့က အနားကပ်ကာ ခြိမ်းခြောက်နေသော ငရဲခန်းများ ဖြစ်လာသည်။
လွယ်လွယ်ကူကူပင် ငွေစက္ကူများကို တရားမဝင်ကြေညာသည်။ ပျံကျဈေးသည်ကအစ လုပ်ငန်းရှင်များအထိ အားလုံး မျက်လုံးပြူးကာ အသံမထွက်နိုင်တော့။ ရပ်ကွက်တွင်းက ခိုက်ရန် ဖြစ်ပွားမှုတွင် ရပ်ကွက်အာဏာပိုင်တို့က ထင်တိုင်းကြဲသည်။ ဥပဒေကို ထိန်းကွပ်ပေးရမည့် သူများ၊ တရားမျှတမှုအတွက် အားကိုးရမည့်သူများက ဝိုင်းဝန်းလိမ်လည်ကာ လွယ်လွယ် ဖြေရှင်းကြသည်။
မဟုတ်မခံလိုသော၊ အမှန်တရားကို မြတ်နိုးသော ကျောင်းသားလူငယ်တို့က စတင်လှုံ့ဆော်ကာ အာဏာရှင်စနစ်ကို စစ်ကြေညာလိုက်သည်။ အမြို့ မြို့အနယ်နယ်တွင် ကြေညာချက်များ ပလူပျံသွားသည်။
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြလော့။
ဒီမိုကရေစီရရှိရေး တို့အရေး။
လူထုတစ်ရပ်လုံးက ပါဝင်လာခဲ့သည်။ အမှန်တရားနှင့် မတရားမှုတို့၏ တိုက်ပွဲတွင် ပြည်သူတစ်ရပ်လုံးလိုလို ပါဝင်လာသည်။ မြို့ကြီးများတွင်သာမက အနယ်နယ်အရပ်ရပ် တောင်ပေါ်မြေပြန့် ကျေးလက်တောရွာ တိုင်းရင်းသားလူမျိုးစု အသီးသီး ပါဝင်သော အရေးတော်ပုံကြီး ပေါ်ထွန်းလာခဲ့သည်။
ယနေ့ဆိုလျှင် ၈၈၈၈ ပြည်သူ့အုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်မှာ သုံးဆယ့်တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ဤသည်က သမိုင်းတွင်သည် ဖြစ်ရပ်ဖြစ်၏။ မြန်မာနိုင်ငံ၏ မော်ကွန်းပင် ဖြစ်၏။
ယနေ့ ပြည်သူ့အာဏာ တစ်စိတ်တစ်ပိုင်း ရရှိလာခဲ့သည်ဆိုခြင်းက ၈၈ အရေးတော်ပုံ၏ အကျိုးဆက်ဟု ဆိုရမည်ပဲဖြစ်ပါသည်။ သည်အရေးတော်ပုံကြီးက ချမှတ်လိုက်သော ပန်းတိုင်ဆီသို့ကား ယခုထိမရောက်သေးဟု ဆိုရပါမည်။
အချုပ်အခြာအာဏာကို ပြည်သူလူထုကသာ လုံးလုံးလျားလျား ပိုင်ဆိုင်ရရေးဟူသည့် ပန်းတိုင်ဆီသို့ ဆက်လက် လျှောက်လှမ်း ကြရဦးမည်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ချမှတ်လိုက်သော ပန်းတိုင်ဆီသို့ ပြည်သူ့အင်အားဖြင့် မရောက်အရောက် ဆက်လက်ချီတက်ကြပါစို့ဟု နှိုးဆော်လိုက်ရပါကြောင်း။ ။