သီဟလုလင်

 

ရေတံခွန်များ
(၁) ဓာတ်တော်ချိုင့်ရေတံခွန်
လွန်လှတဲ့ရေတံခွန်အမြင့်တစ်ခု ဖြစ်ပါတယ်။ အောက်ခြေအထိဆင်းပြီး သွားကြည့်ရင် ပိုလှပါတယ်။ ဒါပေမယ့် အပေါ်ပြန်တက်တဲ့ အခါမှာတော့ အခက်အခဲတွေ့နိုင်ပြီး ကိုယ့်အနားမှာ ကိုယ့်ကိုထမ်းခေါ်ပေးမယ့် အထမ်းဆရာတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဈေးကတော့ အတော်မြင့်မားနေတတ်တာမို့ ကိုယ့်ဘက်က လုံလောက်တဲ့ ကျန်းမာရေး အခြေအနေနဲ့ သက်လုံရှိမှ ဒီရေတံခွန်ကို သွားသင့်ပါတယ်။ ရေတံခွန်မှာ အဆင့် (၃) ဆင့်ရှိပြီး အဆင့်တိုင်းက သူ့အလှနဲ့သူ ရှိနေပါတယ်။ ရေတံခွန်တစ်ခုလုံးရဲ့ အလှကိုတော့ The View ဟိုတယ်ကနေ လှမ်းမြင်ရပါတယ်။ ကူပွန် ၁၀ဝဝ ကျပ် ဖြတ်ပြီး The View ရဲ့ စားသောက်ဆိုင်မှာသုံးစွဲရင် ဒီရှုခင်းကို မြင်တွေ့နိုင်တဲ့ ရှုခင်းသာနေရာလေးကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

(၂) ပွဲကောက်/ပွေးကောက် ရေတံခွန် သို့မဟုတ်  BE Fall
မဟာအံ့ထူးကံသာဘုရားကို လာရောက် ဖူးမြော်ပြီးတာနဲ့ ဧည့်သည်အတော်များများက ဘုရားကြီးအရှေ့ဘက် မျက်နှာချင်းဆိုင် လမ်းကနေ ဝင်သွားလို့ရတဲ့ ပွဲကောက်ရေတံခွန်ဆီကို ရောက်လာကြပါတယ်။ ပွဲကောက်ရေတံခွန်က အလွယ်တကူ သွားလည်လို့ရတာရော၊ အပန်းဖြေဖို့ လွတ်လပ်မှုရှိတာရော (ဆိုလိုတာက အရက်သောက် ပျော်ပါးနိုင်တာ) မို့ ဧည့်သည်အတော် များတတ်ပါတယ်။ ခရီးသွားရာသီချိန်ဆို ပိုပြီးဆိုးရွားပါတယ်။ ရေကူးသူလည်းများပြီး စားသောက်ဆိုင်နဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေလည်း များပါတယ်။ ပွဲကောက်မှာတော့ ဒေသထွက် ဝိုင်ပုလင်းတွေနဲ့ ယိုမျိုးစုံကို ရောင်းချတာ ပိုပြီးများတာ သတိပြုမိပါတယ်။

(၃) ဒီဇင်ဘာခြံ ရေတံခွန်လှပတဲ့ရေတံခွန်တစ်ခု ဖြစ်ပါတယ်။

05

(၄) ရေပျံတောင် ရေတံခွန်
ရေတံခွန်အသစ်တစ်ခု အနေနဲ့ရော တောလမ်းလျှောက်၊ တောင်တက်ခရီးစဉ် တစ်ခုအနေနဲ့ရော သဘာဝအလှကို ခံစားဖို့ လာရောက်ကြသူ များပါတယ်။ ရေပျံတောင် ရေတံခွန်က ဓာတ်တော်ချိုင့် ရေတံခွန်လိုပဲ အသွားမှာတော့ အဆင်းချည်းပဲ ဖြစ်ပြီး အပြန်မှာတော့ တောင်တက်ခရီး ဖြစ်သွားလို့ သက်လုံကောင်းဖို့၊ ဒူးကောင်းဖို့ လိုအပ်ပါတယ်။ ရေတံခွန် အဆင့် (၇) ဆင့် ရှိပြီး အဆင့်တိုင်းမှာလည်း လှပကျယ်ဝန်းတဲ့ ရေတံခွန်လေးတွေ တွေ့မြင်ရပါတယ်။ အောက်ဘက်အဆင့်ကတော့ အလှဆုံးလို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အဆင့် (၇) ဆင့်လုံး မရောက်ဖြစ်တော့ ဒီကိစ္စကို ငြင်းနိုင်ဖွယ် မရှိသေးပါဘူး။

ဝိုင်ခြံ
(၁) ရွှေပြင်ဦးလွင် စပျစ်ခြံ
ရေပျံတောင်သွားတဲ့ လမ်းလေးပေါ်မှာပဲရှိပြီး မြို့ပြနဲ့ အလှမ်းဝေးတဲ့ တောတောင်သဘာဝအလှကို ခံစားကြရတယ်။ ဆင်ခေါင်းလေး ကျေးရွာမှာပါ။ မြို့ရှောင်လမ်းက ထင်းရှူးတန်းမှာ ဓာတ်ပုံရိုက်ရင်း သွားလည်နိုင်ပါတယ်။ စပျစ်ခင်းကြီးတွေ ကို စနစ်တကျ စိုက်ပျိုးထားလို့ စပျစ်သီး တကယ်ခူးပြီး ဝယ်ယူစားသုံးနိုင်ပါတယ်။ စပျစ်သီး ဈေးတော့ကြီးတယ်လို့ ခံစားရပေမယ့် စားရတဲ့ အရသာရယ်၊ ကိုယ်တိုင်ခူးရအောင် ဖန်တီးပေးတာလေးတွေ စဉ်းစားကြည့်ရင်တော့ တန်တယ်လို့ပဲ မှတ်ထားလိုက်မိတယ်။

ပန်းခြံနဲ့ အခြားလည်ပတ်စရာများ
(၁) အမျိုးသားကန်တော်ကြီးဥယျာဉ်
ပန်းပွဲတော်ပြုလုပ်လေ့ရှိတဲ့အပြင် ၁၂ ရာသီ ပန်းပွင့်စုံစုံနဲ့ ပြင်ဆင်ဆောင်ရွက်ထားလေ့ရှိပြီး နေရာကျယ်ကျယ်၊ လေသန့်ဝဝ ရှူရှိုက်အပန်း ဖြေနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေပြင် ကျယ်ကြီးနဲ့ ပန်းပင်တွေရဲ့ အလှကို ခံစားရမှာ ဖြစ်သလို၊ ငှက်တွေကို သဘာဝအတိုင်းလွှတ်ထားတဲ့ ငှက်လှောင်အိမ်အကြီးစားထဲမှာ ငှက်အကြီး အသေးအစုံကို လွတ်လွတ်လပ်လပ် ကြည့်ကြရပါဦးမယ်။ လိပ်ပြာပြတိုက်မှာလည်း လိပ်ပြာနဲ့ အင်းဆက်ကောင်လေးတွေရဲ့ ဖြစ်တည်မှုတွေ၊ မြောက်မြားစွာသော လိပ်ပြာအမျိုးအစားတွေကို လေ့လာနိုင်တဲ့အပြင် သစ်ခွဥယျာဉ်လည်း ရှိသေးလို့ သစ်ခွမျိုးစိတ်တွေကို လေ့လာခွင့်ရဦးမှာပါ။ အများသုံးအိမ်သာ သန့်ရှင်းမှု ဆိုးရွားတာကလွဲရင် အပန်းဖြေစရာကောင်းတဲ့ ဥယျာဉ်ကြီးတစ်ခု ဖြစ်ပါတယ်။

(၂) The Croft ခြံ
နောက်ထပ် စိုက်ပျိုးရေးခြံလေးပါပဲ။ သိပ်ကြီးတော့ မကျယ်ဘူး။ မြို့ထဲလောက်မှာပဲမို့ ခြံသိပ်မကျယ်တာ မဆန်းဘူးပေါ့လေ။ ပြင်ဦးလွင် ကန်တော်ကြီးနဲ့ မဝေးလှဘူး။ စိုက်ထားတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကတော့ မျိုးစုံပဲ။ စတော်ဘယ်ရီ တွေလည်း ရှိတယ်။ တခြားရောပဲ စုံစိနေတာ။ သူကတော့ ဝင်ကြေးနဲ့ ဝင်ရတယ်။ လူ တစ်ဦးကို ငွေကျပ် ၂၅၀ဝ ပေးရင် အထဲမှာ Hitea Set လေးရတယ်။ မုန့်၊ သစ်သီးတွေပါတဲ့ ချိုင့်လှလှလေး တစ်ခုနဲ့ အအေး သို့မဟုတ် ကော်ဖီ တစ်မျိုးပါမယ်။ ခြံထိပ်နားမှာ ရှိတဲ့ Cottage ခေါ်မလား အဲဒီအဆောက်အအုံနီနီကြီးကြောင့် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေတာရယ်။ ရေစင်လေး ကလည်း ချစ်စရာကောင်းတယ်။ ဒီနေရာလေးမှာ Pre-wedding လာရိုက်ကြတာများတယ်။

(၃) YGW Garden
စားသောက်ဆိုင်လေးနဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ။ ပန်းခြံလေးသဖွယ် ပြင်ဆင်ထားပေးပြီး ဝက်ဝံလေးတွေ၊ မျောက်လေးတွေ၊ ငှက်လေးတွေ မွေးမြူပြသထားပါတယ်။ ဓာတ်ပုံရိုက်စရာ Photospot ကောင်းတွေ အများကြီးရှိတဲ့အပြင် ဆိုင်ရဲ့အပြင်အဆင်ကို ကန်းထရီးစတိုင်နဲ့ ပြင်ဆင်ထားပါတယ်။ လိုက်ဖက်မှုရှိတဲ့ ရှေးဟောင်း အသုံးအဆောင် အတော်များများကိုလည်း တွေ့ရတတ်ပါတယ်။ လမ်းòန်ပေးရမယ်ဆိုရင် ပိတ်ချင်းမြောင်သွားတဲ့ လမ်းအတိုင်း (ပြင်ဦးလွင် - လားရှိုးလမ်း) ကနေ ဝက်ဝံရွာမဝင်ခင် တောင်ဆင်းဆင်းချင်း အကွေ့လေးမှာ  YGW ခြံသို့ ဆိုတာလေး နံရံအဖြူတစ်ခုမှာ ရေးထားတာတွေ့ရင် အဲ့ဒီလမ်းထဲကွေ့ပြီး တည့်တည့်သွားရုံပဲ။ အထဲကို သုံးမိနစ် လောက်တော့ ဝင်ရသေးတယ်။ လမ်းကကျဉ်းလို့ ကားနှစ်စီး အသွားအပြန်ဆုံရင် နည်းနည်းခက်ခဲစွာ ရှောင်မောင်း ရတတ်ပါတယ်။

(၄) ထင်းရှူးတန်း၊ ထင်းရှူးလမ်း
ခုတလောမှ ရေပန်းအတော်စားနေတဲ့ နေရာလေးပါ။ ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်မှာ ရှိပါတယ်။ ပြင်ဦးလွင်မြို့ရှောင်လမ်းဟာ လမ်းအတော်ကောင်းမွန်ပြီး ထင်းရှူးတောလေးတစ်ခုကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်လို့ ထင်ရှူးတန်းလေးနဲ့ ကားလမ်းလေးဟာ ဓာတ်ပုံရိုက်ဖို့ အတော်ပြည့်စုံတဲ့ ရှုခင်းလေးဖြစ်သွားခဲ့ပါတယ်။ ဒီနေရာကို ဧည့်သည်အတော် များများလာပြီး ဓာတ်ပုံ ရိုက်ကြပါတယ်။ လမ်းအလယ်မှာ ရိုက်ကူးတဲ့အခါ ကားအန္တရာယ် သတိပြုပါ။

(၅) တော်ဝင်နှင်းဆီခြံ
နှင်းဆီပန်းပင်တွေကို ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ အစားစားရောင်းချပေးနေတဲ့ တော်ဝင်နှင်းဆီခြံကလည်း လည်ပတ်သူတွေ သွားရောက်လည်ပတ် ဝယ်ယူသင့်တဲ့နေရာ တစ်ခုပါ။ ပန်းခြံမဟုတ်တော့ ဒီအတိုင်း လည်ပတ်တာထက် ဝယ်ယူရင်းမှ လည်ပတ်တာက ပိုမိုသင့်လျော်ပါတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ဆင်ခေါင်းလေးကျေးရွာမှာပဲ။ ရေပျံတောင်ဘက်လာရင် မြို့ရှောင်လမ်းဘက်က ဖြတ်လမ်းတစ်ခုနဲ့ ဝင်လာတဲ့အခါ လမ်းခွဲတစ်ခုကို မြင်ရမယ်။ အဲဒီကျရင် ညာဘက်သွားရင် စပျစ်ခြံ၊ ဘယ်ဘက်သွားရင် နှင်းဆီခြံပဲ။ မဟာအံ့ထူးကံသာ ဘုရားကြီးအလွန်က လမ်းခွဲကနေ လာရင်လည်း အဲဒီခြံကို ရောက်နိုင်ပါတယ်။

(၆) အမျိုးသားအထိမ်းအမှတ်ဥယျာဉ်
National Landmark  ပြင်ဦးလွင်ဟာလည်း လည်ပတ်ကြည့်ရှုဖို့ ကောင်းပါတယ်။ ပြင်ဦးလွင်ရာသီဥတုနဲ့မို့ အတွင်းဘက်မှာ လည်ပတ်စရာ ဝေးလံပေမယ့် အေးအေးချမ်းချမ်းသွားလာ လည်ပတ်နိုင်ပါတယ်။ ပူတဲ့ရာသီမှာဆိုရင်တော့ နေအတော်ပူပါတယ်။ ဘက်ဂီကားလေးတွေနဲ့ သွားလာလည်ပတ်နိုင်ပါတယ်။ မြန်မာနိုင်ငံအဝန်းက အထိမ်းအမှတ် အဆောက်အအုံတွေကို မြင်တွေ့ ကြရမှာပါ။ ဒီနေရာဟာလည်း အမျိုးသား ကန်တော်ကြီးဥယျာဉ်နဲ့ ကပ်လျက်မှာပဲ တည်ရှိပါ တယ်။ ခေတ်မီကလေးကစားကွင်းရဲ့ ဘေးဘက်မှာပါ။

(၇) ထူး လိမ္မော်ခြံ
အရင်က ပင်လိန်ရွာမှာရှိတဲ့ ခြံတွေကို သွားရင် ဖြတ်ဖြတ်သွားတယ်။ အဲဒီကတည်းက လမ်းတွေကို သေချာလေး လုပ်ထားတော့ တစ်ခုခုအစီအစဉ်ရှိနေသလားမသိဘူးလို့ တွေးမိခဲ့တာ။ ခုတော့ ထူးလိမ္မော်ခြံအနေနဲ့ အများပြည်သူ အပန်းဖြေစရာနေရာလေး ဖြစ်သွားပြီ။ လိမ္မော်ပင်တွေဆိုတာ မနည်းဘူး။ ဝင်ကြေးက တစ်ယောက်ကို ငွေကျပ် ၂၀ဝဝ  ပေးရတယ်။ လက်မှတ်လေးတွေ ပေးတယ်။  အဲဒီလက်မှတ်ကို  စားသောက်ဆိုင်မှာ  ပြရင်  သဘာဝလိမ္မော်ရည်တစ်ခွက်  ဒါမှမဟုတ် လိမ္မော်တုံးချိန်ဆိုရင်  သဘာဝခြံထွက် ကော်ဖီတစ်ခွက် တိုက်တယ်။ လိမ္မော်သီးခူးဖို့အတွက်က ထော်လာဂျီလေး တွေစီးပြီး သွားရတယ်။ ခူးသမျှလည်း ပြန်ဝယ်ရတယ်။ တစ်ကီလိုကို ငွေကျပ် ၁၅၀ဝ လောက် ပေးရတယ်။

လမ်းညွှန်ပေးရရင် အလွယ်ဆုံးက ပင်လိန်ဘက်ကို ပွဲကောက်ရေတံခွန်ထဲကနေ ဝင်လိုက်။ ရွာထဲလို့ပြောရင် ဝင်ကြေး မပေးရဘူး။ အဲဒီလမ်း အတိုင်းဝင်လာရင် ကွန်ကရစ်လမ်းလေးပေါ် ရောက်လာမယ်။ အဲဒါဆို ထူးလိမ္မော်ခြံကို မြင်သာပါပြီ။

(၈) Governor’s House
ဘုရင်ခံနေခဲ့တဲ့ စံအိမ်ကြီးကိုလည်း လည်ပတ်သင့်ပါသေးတယ်။ တည်းခိုလိုသူတွေအတွက် ဈေးအတော်မြင့်မားစွာနဲ့ စံအိမ်တစ်ခုလုံး ငှားရမ်းနေထိုင်နိုင်ပြီး စားသောက်ဆိုင်လေးတစ်ခုလည်း တွဲလျက်ရှိပါတယ်။ ရေကူးကန်ကလည်း Indoor Swimming Pool ပါ။ ခမ်းနားပါတယ်။ လေ့လာလိုသူတွေက ဝင်ကြေးပေးဆောင် လေ့လာရပြီး အတွင်းမှာ ဓာတ်ပုံရိုက်ကူးဖို့ ခွင့်ပြုလေ့မရှိပါဘူး။ ထူးခြားတဲ့ ဖယောင်းပုံတူရုပ်တွေကို တွေ့ရဦးမှာပါ။ အသက်ဝင်လွန်းပါတယ်။ ဖယောင်းရုပ်တွေ သက်တမ်းကြာလို့ ပြာစိမ်းနေတာလေးတော့ ရှိပါတယ်။ သီပေါမင်းရဲ့ ပုံတူဖယောင်းရုပ် အပါအဝင် ဖယောင်းရုပ်အတော်များများက စိတ်ဝင်စားစရာ ပုံဝတ္ထုကို လာရောက်လည်ပတ်သူတွေကို ပြောပြပေးနေပါတယ်။

(၉) သူရဲကောင်းကြေးရုပ်တုများ
ပြင်ဦးလွင်မြို့အဝင်နားက စစ်တက္ကသိုလ်ရှေ့မှာ မြင်တွေ့ရတဲ့ မြန်မာ့သူရဲကောင်းစစ်သည် ရုပ်တု သုံးခုဟာလည်း မြို့ကို အလည်လာသူတိုင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးရာနေရာတစ်ခု ဖြစ်ပါတယ်။

(၁၀) နာရီစင်
ပင်ဦးလွင်မြို့ရဲ့ နာရီစင်ဟာလည်း ဓာတ်ပုံ ရိုက်ကူးသူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေတဲ့ နေရာတစ်ခုပါ။

(၁၁) Cozy World
နီးစခန်းနားက ဒီပန်းခြံကိုလည်းသွားပြီး အပန်းဖြေကြပါတယ်။ သိပ်မကျယ်ဘူး။ ရေကူးကန်လေးရှိမယ်။ ပန်းခြံတွင်း အရုပ်လေးတွေ၊ ကြိုးတံတားလေးတွေ၊ အဆောက်အအုံ ပြင်ထားတာတွေ ရှိမယ်။

(၁၂) ဒေသခံလမ်းòန်တွေနဲ့ ချိတ်ဆက်မယ်
ဒေသခံလမ်းညွှန်တွေနဲ့ ချိတ်ဆက်လို့ ရှမ်းရွာတွေဆီ Trekking သွားမယ်။ စိုက်ခင်းတွေ လေ့လာမယ်။ ယို၊ သစ်သီး ဆားရေစိမ်၊ ဝိုင်ဖောက်တာတွေ လေ့လာမယ်။ ဘန့်ဘွေးကျင်း ရေတံခွန်၊ ဝက်ဝံရေတံခွန်၊ မြင်ဇင်းရေတံခွန် တွေကို စွန့်စားသွားကြမယ်။ ဒုဋ္ဌဝတီမြစ်ဘေး Campsite မှာ အနားယူမယ်။ ဒါတွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီအကြောင်း အရာတွေ ရှေ့မှာ ကျွန်တော်ရေးထားပြီးသားပါ။

ပင်ဦးလွင်ကတော့ လည်ပတ်စရာတွေ အမြဲလိုလို တိုးလာတဲ့အတွက် အပန်းဖြေလို့ကောင်းဆဲ အရပ်ဒေသတစ်ခုလို့ ယူဆမိပါတယ်။ မေမြို့ သို့မဟုတ် ပြင်ဦးလွင်က ချစ်စရာကောင်းတဲ့အရပ်မို့ ကျွန်တော်ကတော့ ပိတ်ရက်တိုင်း ရောက်ဖြစ် နေဦးမှာ အသေအချာပါပဲ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။     ။