လေရှီး ၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လေရှီးမြို့နယ် ဒေသအတွင်းလိမ္မော် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ရည်ရွယ်လျက် ရှမ်းပြည်နယ်က မျိုးယူခဲ့သည့် ဂျပန်လိမ္မော်၊ ရွှေလိမ္မော်နှင့် Trifoliage လိမ္မော်ပင်မျိုးများ စမ်းသပ်စိုက်ပျိုးခြင်းကို သြဂုတ်လ ၇ ရက်နေ့ နံနက်က တောင်သူ ဦးစံမြ၏ လိမ္မော်စံပြကွက် စိုက်ခင်းဧက (၁) ဧကတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လေရှီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက “စံပြစိုက်ခင်းကနေထွက်ရှိလာတဲ့ လိမ္မော်မျိုးကောင်း မျိုးသန့်တွေကို ဒေသတွင်းဖြန့်ပြီး မျိုးပွားနိုင်အောင် လေရှီးမြို့မှာ ပထမဦးဆုံး စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းဝါက ပြောသည်။
အဆိုပါ လိမ္မော်စံပြစိုက်ကွက်သို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းလျက် လိမ္မော်ပင် (၁၉၄) ပင်ကို တစ်ပင်ခြား (၁၅)ပေ စီခြားကာ တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


