နေပြည်တော် ၈ ဩဂုတ်
ပြည်သူများ Facebook ကို အသုံးပြု၍ ပညာရပ်များလေ့လာတတ်စေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်ပြောင်းလဲရန် ရည်ရွယ်ကာ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းနှင့် Myanmar Book Aid and Preservation and Foundation – MBAPF တို့ ပူးပေါင်း၍ ဒစ်ဂျစ်တယ်လ် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ လူထူအခြေပြုဗဟိုဌာန(Community Centre)သင်တန်းခန်းမ၌ ကျင်းပသည်။
သင်းတန်းဖွင့်ပွဲတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ Myanmar Book Aid and Preservation and Foundation – MBAPF နည်းပြ ဦးမိုးကျော်ကျော်မှ သင်တန်းတွင် သင်ကြားပေး မည့် ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးပေးသည်။
အဆိုပါသင်တန်းတွင် Facebookမှ ဖန်တီးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ အကဲဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ ပေးပို့ခြင်းနှင့် လက်ခံခြင်းစသည့် ICT ဖြစ်စဉ်များအတွက် မရှိမဖြစ်လိုအပ်သော ပညာရပ်များကို မိုဘိုင်း ဖုန်းများပေါ်တွင်သာမက အခြား Device များနှင့် ဆက်နွယ်၍ ဩဂုတ် (၈)ရက်မှ (၁၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက စာမေးပွဲဖြေဆိုကာ အောင်မြင် သူများကို Facebook မှ တိုက်ရိုက်သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


